ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ( Border Guard Forces - BGF)၏ ထိန်းချုပ်နယ်မြေအတွင်းရှိ တရုတ်ဂိုဏ်းများ၏ ကျားဖြန့်နှင့်လူမှောင်ခိုမှုများကို နှိမ်နင်းရေးအတွက် ကျားဖြန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ အဖွဲ့ကို ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ကျားဖြန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့တွင် ကြီးကြပ်ရေးနှင့်ပြန်လည်ပို့ဆောင်ရေးအဖွဲ့ အောက်တွင် အဓိက အဖွဲ့(၃)ဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။
BGF အနေဖြင့် ကျားဖြန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ ကို ဖွဲ့စည်းပြီးနောက် ထိထိရောက်ရောက် ဖော်ထုတ်နှိမ်နင်းပြီး သက်ဆိုင်ရာ နိုင်ငံကို ပြန်အပ်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း BGF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က Tachileik News Agency ကို ပြောကြားထားသည်။
ဖွဲ့စည်းထားသည့် အထူးအဖွဲ့အနေဖြင့် ၎င်းတို့၏ ထိန်းချုပ်ဒေသအတွင်းသာ လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။
“ဒါက ကျွန်တော်တို့ ထိန်းချုပ်နယ်မြေအတွင်းပဲ။ တခြားထိန်းချုပ်နယ်မြေကတော့ သူ့သက်ဆိုင်ရာဆိုတော့ တဖက်နဲ့တဖက် လေးစားမှုတော့ ရှိရမှာပေါ့။”ဟု ဗိုလ်မှူးနိုင်မောင်ဇော်က Tachileik News Agency ကို ပြောသည်။
လက်ရှိတွင် မြဝတီခရိုင်အတွင်း DKBA ထိန်းချုပ်ရာဒေသ ဘုရားသုံးဆူ နှင့် ကျောက်ခက်ဒေသတွင်လည်း DKBA က ကျားဖြန့်/လူမှောင်ခို ပပျောက်ရေး လုပ်ဆောင်နေလျှက်ရှိသည်ကို တွေ့ရသလို BGF ကလည်း ယခုရက်ပိုင်းအတွင်း လုပ်ငန်းအကောင်အထည် ဖော်မည်ဟု သိရသည်။