ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်ဒေသတွင်းမှ ကျားဖြန့်လုပ်ငန်းနှင့်ဆက်စပ် ဖမ်းဆီးရမိထားသည့် နိုင်ငံခြားသားများကို တဖက်နိုင်ငံသို့ လွှဲပြောင်းရေးကာလအတွင်း နေထိုင် ကျွေးမွေးနှင့်အထွေထွေ ကုန်ကျမှုသည် တစ်လျှင် ထိုင်းဘတ်ငွေ သိန်း(၆၀၀)ဝန်းကျင် ကုန်ကျမှုရှိသော်လည်း မည်သည့်အဖွဲ့အစည်းကမှ ထောက်ပံ့ပေးခြင်းမရှိဘဲ တပ်ဖွဲ့ဘတ်ဂျက်ငွေဖြင့် သုံးစွဲနေရကြောင်း သိရသည်။
“တစ်ရက်ကို ဆီတွေ ဘာတွေနဲ့ အထွေထွေ ကုန်ကျစာရိတ်ဆိုရင် တစ်လကို ဘတ်သိန်း(၆၀၀)လောက်ရှိတယ်။ အခုက တပ်ဖွဲ့ဘတ်ဂျက်ကနေ တော်တော်လေးပဲ့နေပြီပေါ့နော်။ ဘယ်သူကယ်ပါ ပေးပါလို့ ကျွန်တော်တို့ မတောင်း ဆိုဘူးနော်။ ဘယ်သူမှ ဘာမှလုပ်ပေးတာမရှိ သလို ဒီနေ့အထိ စက်သုံးဆီ တစ်စက်တောင် ဘယ်သူမှ ကူညီပေး ထားတာမရှိဘူး။”ဟု ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က Tachileik News Agency ကို မတ်လ(၂၀)ရက်နေ့တွင် ပြောသည်။
BGF အနေဖြင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား လူတစ်ဦးလျှင် ထိုင်းဘတ်(၂၀၀)နှုန်းဖြင့် လူ(၇၀၀၀)ကျော်ကို ထမင်းကျွေးရခြင်းကြောင့် ကုန်ကျခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့ ဒေသအတွင်း ကျားဖြန့်လုပ်ငန်းများကနေ ရှာဖွေ ဖမ်းဆီးခြင်းနှင့် ပြန်လည်လွှဲပြောင်းရေး လုပ်ငန်းစဉ် ရပ်ဆိုင်းရန် သတင်းထုတ်ပြန်ခြင်း မရှိသေးသ၍ ဆက်လက် ရှာဖွေ ဖမ်းဆီးပြီး လစဉ် လွှဲပြောင်းပေးနေမည်ဖြစ်သည်ဟုလည်း ဆိုသည်။
“တပ်ဖွဲ့ဘတ်ဂျက်လည်း မနည်းဘူး သုံးစွဲလိုက်ရတယ်။ နှိမ်နင်းရေးကိစ္စကတော့ တရားဝင်ထုတ်ပြန်မှ ရပ်တန့်မှာ ဖြစ်တယ်။ ပုံမှန်လွှဲပြောင်းမှုကတော့ လစဉ်လုပ်ဆောင်သွားမယ်။ တစ်ပတ်မှာ (၃)ရက်ပုံမှန် ပို့ဖို့ စီစဉ်ထားတယ်။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
မြဝတီဒေသတွင် ကျားဖြန့်လုပ်ငန်းနှင့်ဆက်စပ်၍ နိုင်ငံခြားသား(၈,၀၀၀)ကျော်ကို BGF က ရှာဖွေ ဖမ်းဆီး ထိန်းသိမ်းပြီးနောက် ယနေ့အထိ တရုတ်နိုင်ငံသား(၃,၆၆၄)ဦး အပါအဝင် နိုင်ငံခြားသား(၄,၈၉၀)ဦးကို ပြန်လည် လွှဲပြောင်းပေးလိုက်ပြီဖြစ်ပြီး ထပ်မံလွှဲပြောင်းပေးရန် အများအပြားကျန်ရှိနေသေးကြောင်း သိရသည်။
BGF အနေဖြင့် မြဝတီနှင့် ရွှေကုက္ကိုလ်ဒေသတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ခဲ့ကြသည့် အဆောက်အဦး(၅)လုံး ကို ချိပ်ပိတ်သိမ်းဆည်းထားကြောင်းနှင့် လွှဲပြောင်းရေး လုပ်ငန်းစဉ် မပြီးသေး၍ ထိုအဆောက်အဦးများကို မည်သို့ပြန်လည်အသုံးချမည်ဆိုသည်ကို မစဉ်းစားသေးဟု ဆိုသည်။
BGF က ရှာဖွေ ဖမ်းဆီးကာ ယာယီထိန်းသိမ်းထားသည့် နိုင်ငံခြားသားများကို နေထိုင်ရေးနှင့် စားသောက်ရေးအတွက် BGF က တာဝန်ယူရပြီး ပြန်လည်လွှဲပြောင်းရေးအတွက် တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံ စိစစ်ခြင်းနှင့်လွှဲပြောင်းရေးတွင် စစ်ကောင်စီအဖွဲ့က ဦးစီးကြောင်း သိရသည်။