ကရင်ပြည်နယ် မြဝတီမြို့နယ် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်(DKBA)ထိန်းချုပ်ရာ ကျောက်ခက်ဒေသရှိ ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်နေပြီး နိုင်ငံခြားသား(၂၀၀)ဦးကျော်ကို ဖမ်းဆီးရမိထားကာ သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့မည်ဟု DKBA အမှတ်(၁)စစ်ကွပ်ကဲရေးမှူးက ဗိုလ်မှူးချုပ် စိုင်းကျော်လှ ပြောသည်။
ထိုင်းနိုင်ငံက ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းရေး အကြောင်းပြချက်ဖြင့် ၂၀၂၅ခုနှစ် ဖေဖေါ်ဝါရီလ (၅)ရက်နေ့မှ စ၍ မြဝတီ၊ ဘုရားသုံးဆူနှင့် တာချီလိတ်မြို့များသို့ ပေးပို့နေသည့် လျှပ်စစ်ဓါတ်အားနှင့် စက်သုံးဆီတင်ပို့မှုကို ဖြတ်တောက်လိုက်ပြီးနောက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)နှင့် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA)တို့သည် ၎င်းတို့ထိန်းချုပ်ဒေသများ၌ ကျားဖြန့်လုပ်ငန်းများကို အပြိုင်အဆိုင် နှိမ်နင်းလာကြသည်။
ထို့ကြောင့် ကျားဖြန့်လုပ်များလုပ်ကိုင်နေသည့် DKBA ထိန်းချုပ်ရာ ကျောက်ခက်ဒေသနှင့် ပါတ်သက်ပြီး DKBA အမှတ်(၁)စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင်Tachileik News Agency ( TNA )မှ ဆက်သွယ် မေးမြန်းရာ ကျောက်ခက်ဒေသတွင် ကျားဖြန့်လုပ်ငန်း အနည်းငယ်သာရှိပြီး တရားဝင်ဖွင့်လှစ်ခွင့်ပြုထားသည့် ကာစီနိုရုံများသာရှိသည့် အပြင် လူကုန်ကူးခံရသူများအား ရိုက်နှက်ခြင်းမျိုး မရှိဟု ဖြေကြားသည်။
TNA ။ ။ မြ၀တီမြို့နယ် ကျောက်ခက်ဒေသကနေ ကယ်ဆယ်ထားတဲ့ နိုင်ငံခြားသားတွေကို ဘယ်လို ပြန်ပို့ဖို့ စီစဉ်ထားလဲခဗျ။
DKBA ။ ။ လက်ရှိအချက်အလက်တွေ ဘယ်နိုင်ငံသားတွေ ဘယ်နှစ်ယောက် နိုင်ငံ ပေါင်းစုံဆိုတော့ အဲဒီဟာကို စာရင်းကောက်ပြီး စာရင်းစုပြီးပြီဆိုလို့ရှိရင် နစကအစိုးရဆီကိုလည်း စာရင်းပို့ မယ်။ နောက်ပြီး ထိုင်းနိုင်ငံကိုလည်း ပို့မယ်။ ပို့မှာကတော့ ကျောက်ခက်ကနေ လှေဆိပ်ကနေပဲ ပို့မယ်။
TNA ။ ။ ပို့မယ့်အထဲမှာ ဘယ်နိုင်ငံသားတွေ ပါဝင်နေလဲခဗျ။
DKBA ။ ။ ပို့မယ့်အထဲမှာ အခုက လုပ်နေတုန်းပဲ။ နိုင်ငံပေါင်းစုံပဲ။ အာဖရိကတို့၊ နီပေါ တို့၊ ဖီလစ်ပင်းတို့၊ ပါကစ္စတန်တို့ပါတယ်ပေါ့။ အများဆုံးကတော့ အာဖရိကများမယ်။
TNA ။ ။ ကျောက်ခက်ဒေသမှာ ကျားဖြန့်လုပ်ငန်းတွေ ကြီးစိုးနေတယ်ဆိုတဲ့ သတင်းတွေ အပေါ် ဘာများပြောချင်လဲခဗျ။
DKBA ။ ။ သူကတော့ ကြီးစိုးနေတယ်ဆိုတာက သတင်းသာ ဟော့တာပါ။ နည်းနည်း လေးပါပဲ။ အခုလည်း လိုက်စိစစ်ပြီးတော့ ပြန်ချင်တဲ့သူ အကုန်လုံး ပေးပြန်တယ်။ ကျားဖြန့်နဲ့ပါတ်သက်တာ။ ဒီမှာ ထားမှာက ကာစီနိုလုပ်ငန်းတွေနဲ့ ပါတ်သက်ပြီး သိပ်ပြဿနာ မရှိဘူးပေါ့။ အဓိက လူကုန်ကူးမှုအရောင်းအဝယ် မလုပ်ဖို့ အဓိကပေါ့လေ။ ထိုင်းနိုင်ငံက ဒီအိမ်နီးချင်းနိုင်ငံတွေနဲ့ အကုန်လုံး ပူးပေါင်းပြီး ရှင်းထုတ်ရမယ်။
TNA ။ ။ နည်းနည်းလေးဆိုတာ ဘယ်လိုလဲခဗျ။
DKBA ။ ။ ရှင်းထုတ်နေတယ်ပေါ့။ အခုက မပြီးသေးဘူး။ ရှင်းထုတ်နေတုန်းပဲ။ အယောက်(၁၀၀)တော့ မကဘူး။ ဒီမှာအယောက်(၂၀၀)ကျော်မယ်။ အခုတော့ လိုက်ပြီးတော့ နှိုးဆော်နေတယ်။ ပြန်ချင်တဲ့သူတွေကို။ တချို့လည်း မပြန်ချင်တာလည်း ရှိတာကိုး။ ၂၀၀ ကျော်ဆိုတာ ကုန်သလောက်ပါပဲ။ အဲဒီ လောက်ပါပဲ။ သူက သတင်းသာဟော့နေတာ မကြီးဘူး။ သေးသေးလေးရယ်။ အဆောက်အဦးဆို အများဆုံး (၁၀)လုံးကျော်ပဲ ရှိတယ်။ အမြင့်ဆုံးက နှစ်ထပ်တွေ၊ သုံးထပ် တွေပဲလေ။ အမြင့်ဆုံးက။
TNA ။ ။ တရုတ်နိုင်ငံသား ဘယ်လောက်ပါမလဲ ခဗျ။
DKBA ။ ။ တရုတ်နိုင်ငံသားက သိပ် မရှိဘူး။ တရုတ်နိုင်ငံသားတွေက ကျွန်တော်တို့ စာထုတ်ပြီးတာနဲ့ ပြီးခဲ့တဲ့ ၃ လကတည်းက စည်းမျဉ်း၊ စည်းကမ်း ထုတ်ထားပြီးတော့ စာကပ်ထားတာကိုး။ သ တင်းတွေမထွက်ခင်ကတည်းက။ သူတို့က သူတို့ကုမ္ပဏီအလိုက်၊ ကုမ္ပဏီအလိုက် ထွက်သွားတယ်။
TNA ။ ။ ကျောက်ခက်ဒေသက လုပ်ငန်းတွေကို ဘယ်နိုင်ငံသားတွေ ဦးဆောင်တာလို့ စီစစ် တွေ့ရှိရလဲခဗျ။
DKBA ။ ။ ဒီဒေသက ကျွန်တော်ပေါ့။ ကျောက်ခက်ရဲ့ တပ်မမှူးပေါ့လေ။ ဒါပေမယ့် ဒီလုပ်ငန်းပါတ်သက်တာကတော့ တရုတ်တွေက ကျွန်တော်ဖိတ်ခေါ်တော့ ရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်တော့ သူ တို့ အဆောက်အဦးလာလုပ်ပြီးတော့ သဘောတူထားတာကတော့ ကာစီနိုပေါ့လေ။ ဒီလိုမျိုး လူကုန်ကူးတာတော့ လုံးဝသဘောတူထားတာရှိဘူး သိလည်း မသိရဘူးလေ။ ကျားဖြန့်ဆိုတာလည်း ပြဿနာတက်မှ သိရတာ။ ဘာအဓိပ္ပာယ်လည်းဆိုတာ ကျွန်တော်တောင် နားမလည်တော့ဘူးလေ။ သိလာတော့လည်း တောက်လျှောက်တော့လည်း လိုက်လုပ်နေတာ။
TNA ။ ။ ကျောက်ခက်ဒေသက ကျားဖြန့်လုပ်ငန်းတွေကို ဆရာတို့ ဘယ်လိုထပ်ပြီး ဖော်ထုတ် အရေးယူသွားမလဲခဗျ။
DKBA ။ ။ ကျားဖြန့်နဲ့ပါတ်သက်တာတော့ ပေးမနေတော့ဘူး။ ပေးမရှိတော့ဘူး။
TNA ။ ။ လောင်းကစားဝိုင်း(ကာစီနို)နဲ့ပါတ်သက်ပြီးတော့ကော ရှိနေဦးမှာလားခဗျ၊
DKBA ။ ။ လောင်းကစားဝိုင်းနဲ့ပါတ်သက်တာတော့ ရှိလို့ရတယ်။ လက်ရှိ ထိုင်းနိုင်ငံကလည်း လာဆော့နေတယ်။ ထိုင်းနိုင်ငံသားတွေပဲ တော်တော်များများပေါ့လေ။ ဒါပေမယ့် သူတို့က ညမအိပ် ဘူးပေါ့။
TNA ။ ။ ဖမ်းဆီးရမိသူတွေထဲမှာ မြန်မာနိုင်ငံသားတွေပါလား။ ဘယ်လို စိစစ်တွေ့ရှိရလဲ။
DKBA ။ ။ ဒီမှာကတော့ ဗမာပြည်သားတွေက နှိပ်စက်လို့ မရဘူးလေ။ တော်တော် များများက နိုင်ငံခြားသားတွေ။ တချို့က ပေးမပြန်တာပေါ့။ တချို့က လိမ်ညာတာပေါ့။ ပြောင်းလာတာက ဒေါ်လာ ၁၂၀၀ ရမယ်ဆိုလို့ လာကြတာ။ ရောက်တော့ ဘတ် ၈၀၀၀ ပဲရတော့ မနေနိုင်တော့ဘူးပေါ့လေ။
TNA ။ ။ လူကုန်ကူးခံရသူတွေကို နှိပ်စက်နေတယ်ဆိုတဲ့အပေါ် ဘယ်လိုသိထားရလဲ။
DKBA ။ ။ နှိပ်စက်တာကတော့ ပေးမပြန်တာပေါ့။ ပြန်ချင်လည်း ပေးမပြန်တာပေါ့။ ထုတာ၊ ရိုက်တာတော့ မလုပ်ပါဘူး။ အဲဒါက သတင်းသမားတွေက လျှောက်ရေးတာပဲရှိတာ။
TNA ။ ။ ဘယ်တော့လောက် ဒီနိုင်ငံခြားသားတွေကို ပြန်ပို့ဖို့ စီစဉ်ထားလဲခဗျ။
DKBA ။ ။ စာရင်းကောက်ပြီးမှပေါ့။ နိုင်ငံတော် နစကအစိုးရကိုလည်း ကျွန်တော်တို့က သတင်းပို့ရမယ်။ ထိုင်းအစိုးရပေါ့။ တရားဝင်အရ ဒီနှစ်နိုင်ငံ အဆက်အဆံလုပ်ပြီးမှ ပို့လို့ရမှာကိုး။
TNA ။ ။ ဘုရားသုံးဆူမှာလည်း ကျားဖြန့်လုပ်ငန်းတွေ ကြီးစိုးနေတယ်လို့ သတင်းတွေ ထွက်နေတယ်။ ဒီအပေါ်မှာကော ဘာများပြောချင်လဲခဗျ။
DKBA ။ ။ သူလည်း သေးသေးလေးပါ။ ရွှေကုက္ကိုလ်က ကြပ်တည်းလို့ ထွက်ပြေး သွားတဲ့သူတွေပေါ့။ အခုကျတော့လည်း တရုတ်ကြောင့်နဲ့ ပြည်သူကိုဒုက္ခပေးလို့ အကုန်လုံးပေးပြန်နေပြီလေ။ အကုန်လုံးပြန်ခိုင်းနေပြီ။ အဓိကတော့ ပြည်သူတွေ မီးနဲ့ စက်သုံးဆီ ပြန်လည် လည်ပတ်နိုင်အောင်ပေါ့လေ။
TNA ။ ။ DKBA ထိန်းချုပ်ဒေသမှာ ဘာကြောင့် ကျားဖြန့်လုပ်ငန်းတွေ ဝင်ရောက်လာတာလဲ ခဗျ။
DKBA ။ ။ အရင်ကတော့ ကျားဖြန့်လို့လည်း ကျွန်တော်တို့ နားမလည်ဘူးလေ။ နားလည်တာကတော့ ကာစီနိုပဲနားလည်တာကိုး။ ဒီလိုမျိုး ကျွန်တော်တို့က ဖိတ်ခေါ်တယ်လေ။ လာပူးပေါင်း ရင်းနှီး မြှုပ်နှံဖို့ ဘယ်နိုင်ငံမဆို၊ ဘယ်သူမဆို အကုန်လုံးဖိတ်ခေါ်တယ်လေ။ တရုတ်ပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒေသမှာ အဓိကတော့ ဥပဒေဘောင်နဲ့ ကိုက်ညီဖို့တော့ လိုအပ်တာပေါ့။
TNA ။ ။ DKBA အနေနဲ့ အခုလို ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းနေတာ ဘာကြောင့်လဲ။ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းရင် လျှပ်စစ်မီးနဲ့ စက်သုံးဆီပြန်ရမယ်လို့ ယုံကြည်နေလို့လားခဗျ၊
DKBA ။ ။ အေးပေါ့။ လက်ရှိထိုင်းဝန်ကြီးချုပ် ပြောဆိုမှုအရဆိုရင် ဒီကျားဖြန့်လုပ်ငန်းသာ မရှိရင်တော့ မပေးဘူးလို့တော့ မဟုတ်ဘူး မှတ်တယ်။ ရမယ်လို့တော့လည်း မျှော်လင့်တယ်ပေါ့။ ကျွန် တော်တို့လည်း ဗမာပြည်နယ်စပ်မှာ နေရတာဆိုတော့ ထိုင်းနိုင်ငံအရိပ်အောက်မှာပဲ ခိုလှုံစားသောက်နေရတယ် လို့ ဆိုလို့ရတယ်ပေါ့။ နှစ်နိုင်ငံနယ်စပ်ဆိုတော့လေ မှီခိုကြတယ်ပေါ့။ ဟိုဘက်၊ ဒီဘက်ကတော့။
TNA ။ ။ အလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခဗျ။