တာချီလိတ်မြို့တွင် (၂၄)နာရီ လျှပ်စစ်မီးမရ၍ (၂၀)လီတာ ရေသန့်ဗူးကြီးကို တစ်ဗူးလျှင် (၂၀)ဘတ်ဖြင့် တိုးမြှင့် ရောင်းချမည်

တာချီလိတ်မြို့တွင် (၂၄)နာရီ လျှပ်စစ်မီးမရ၍ (၂၀)လီတာ ရေသန့်ဗူးကြီးကို တစ်ဗူးလျှင် (၂၀)ဘတ်ဖြင့် တိုးမြှင့် ရောင်းချမည်

 မြန်မာ - ထိုင်းနယ်စပ်ဒေသတွင် လျှပ်စစ်မီး (၂၄)နာရီ မရရှိသည့်အတွက် ရေသန့်ထုတ်လုပ်မှုတွင် အထွေထွေ ကုန်ကျမှု များပြားနေခြင်းကြောင့် ၂၀၂၅ခုနှစ် ဧပြီလ(၁)ရက်နေ့ကစပြီး (၂၀)လီတာ ရေသန့်ဗူးကြီးများ၏ ဈေးနှုန်းများကို တစ်ဗူးလျှင် ထိုင်းဘတ်ငွေ (၁၅)ဘတ်ကနေ ဘတ်(၂၀)အထိ တိုးမြှင့်ရောင်းချသွားမည်ဖြစ်ကြောင်း ရေသန့်လုပ်ငန်းရှင်များထံက သိရသည်။

"အခု လျှပ်စစ်မီးက အရင်လို (၂၄)နာရီမရဘဲ အချိန်ပိုင်းပဲရတော့ ရေသန့်ထုတ်လုပ်ဖို့ လုပ်ငန်းစဉ်က အရင်လို အဆင်မပြေတော့ဘူး ဖြစ်နေတယ်။ တချို့ဆို မီးလာတဲ့အချိန် ပြေးလုပ်ရသလို၊ တချို့ဆို မီးစက်နဲ့လုပ်ရတယ်။ အဲ့တော့ စက်သုံးဆီခတွေ အလုပ်သမားစရိတ်တွေ ကုန်ကျမှုများလာလို့ပါ။ အဲ့ဒါကြောင့် (၂၄)နာရီလျှပ်စစ်မီး မရသေးတဲ့ ကာလအတွင်း ရေသန့်ဗူးကြီး တစ်ဗူးကို ဘတ်(၂၀)နဲ့ ဧပြီလ(၁)ရက်နေ့စပြီး ရောင်းဖို့ အစည်းအဝေးမှာ သဘောတူခဲ့ကြတာပါ"ဟု ရေသန့်လုပ်ငန်းရှင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

လျှပ်စစ်မီး အခက်အခဲ နှင့် စက်သုံးဆီ ဈေးနှုန်းများကြောင့် ရေသန့်ဈေးနှုန်းတိုးမြှင့်ရောင်းချရေးအတွက် ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၆)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်ခရိုင် ပြန်/ဆက်ရုံးတွင် တာချီလိတ်မြို့နယ်ရေသန့်လုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

"ဥက္ကဌကတော့ ဈေးတိုးမြှင့်မယ်ဆိုရင်လည်း (၂၄)နာရီလျှပ်စစ်မီး ပြန်ရရင်တော့ အခုရောင်းချနေတဲ့ ဈေးနှုန်းအတိုင်း ဈေးပြန်ချ  ရောင်းဖို့ ပြောတယ်။ ကျန်တဲ့ အစည်းအဝေး တက်ရောက်လာသူတွေကလည်း ဥက္ကဌရဲ့ ပြောစကားကို သဘောတူကြတယ်။ သဘောကတော့ မီး(၂၄)နာရီ မရသေးတဲ့ ကာလအတွင်း ဘတ်(၂၀)နဲ့ရောင်းပြီး အရင်လို မီးအချိန်ပြည့် ပြန်ရရင်တော့ လက်ရှိ ဈေးနှုန်းအတိုင်း ပြန်ရောင်းပေးဖို့ပေါ့နော်"ဟု နောက်ထပ် ရေသန့်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

တာချီလိတ်မြို့တွင် (၂၀)လီတာ ရေသန့်ဗူးကြီးကို (၁၀)ဘတ်ဖြင့် ရောင်းချနေရာမှ   စက်သုံးဆီဈေးနှုန်းမြှင့်တက်လာမှု နှင့်အတူ ရေသန့်ဗူး ဝယ်ယူသယ်ဆောင်ရေးတွင် ကုန်ကျစရိတ်မြှင့်တက်လာခြင်းကြောင့်ဟုဆိုကာ ပြီးခဲ့သည့်   ၂၀၂၂ခုနှစ် မတ်လ(၃၁)ရက်နေ့က   (၂၀)လီတာ ရေသန့်ဗူးကြီးကို (၁၅)ဘတ်ဖြင့် တိုးမြှင့်ရောင်းချရန် သတ်မှတ်ခဲ့ရာ ယခု (၃)နှစ်မြောက်တွင်လည်း လျှပ်စစ်မီးနှင့် စက်သုံးဆီဈေးနှုန်းများကြောင့်ဟုဆိုကာ ဘတ်(၂၀)အထိ တိုးမြှင့်လာခြင်း ဖြစ်သည်။

"ဈေးနှုန်း တိုးမြှင့်တယ်ဆိုရင်လည်း (၂)ဘတ်၊ (၃)ဘတ်လောက် တိုးတယ်ဆိုရင် တမျိုးပေါ့။ အခုက (၅)ဘတ်အထိ တိုးမြှင့်လိုက်တယ်။ အရင်က (၁၀)ဘတ်ကနေလည်း (၁၅)ဘတ်အထိ ခုန်တက်သွားပြီးပြီ။ အခုလည်း တခါခုန်တက် (၅)ဘတ် နှုန်းနဲ့ဆိုတော့ အတော်ကို လောဘကြီးလွန်းတယ်လို့ ပြောရမှာပဲ။ မကိုက်ရင်လည်း နားလိုက်ကြလို့ ပြောချင်တယ်။ စားသုံးသူတွေဘက်လည်း ပြန်စဉ်းစားပေးချင်တာပေါ့ဗျာ။ "ဟု ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီက လာအိုနိုင်ငံကနေ လျှပ်စစ်မီး (၂၀)မဂ္ဂါဝပ်ကျော် ရရှိရေး ကြိုးပမ်းနေသည့်အတွက် မကြာမီ အဆင်ပြေသွားပါက (၂၄)နာရီ လျှပ်စစ်မီး ရရှိလျှင် ရေသန့်ဈေးနှုန်းများကို (၁၅)ဘတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဟုလည်း ရေသန့်လုပ်ငန်းရှင်များက ကတိပေးထားကြသည်။

တာချီလိတ်မြို့တွင် ရေသန့်လုပ်ငန်း (၄၀) ဝန်းကျင်ရှိသည်။