ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်း ကားအရောင်းနေရာများနှင့် ဝပ်ရှော့ အပါအဝင် ရေဆေးခုံများအထိ လိုင်စင်မဲ့ ကားဖမ်းဆီးရေးများ လုပ်ဆောင်ရန် ခရိုင်ထွေအုပ်ရုံးက ထပ်ဆင့်ညွှန်ကြားသည့် လျှို့ဝှက်ညွှန်ကြားချက် ပေါက်ကြားလာသည်။
လျှို့ဝှက်ညွှန်ကြားချက်ကို တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခရိုင်အဆင့်ဌာနဆိုင်ရာများအားလုံးနှင့် တောင်ကြီးနှင့်ရပ်စောက်မြို့နယ်အုပ်ချုပ်ရေးမှူးတို့အထိပါ သိရှိလိုက်နာဆောင်ရွက်ရန်အတွက် ၂၀၂၅ခုနှစ် မတ်လ(၁၀)ရက်နေ့ ရက်စွဲဖြင့် ပေးပို့ ညွှန်ကြားထားခြင်းရာ TGI Support Revolution က မတ်လ(၂၀)ရက်နေ့တွင် ထုတ်ဖော်လာသည်ကို တွေ့ရသည်။
အဆိုပါ ညွှန်ကြားချက်အရ လိုင်စင်မဲ့ ကားဖမ်းဆီးရေးကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ဦးဆောင်ပြီး ဖမ်းဆီးရေးအဖွဲ့ (၁၀)ဖွဲ့ဖြင့် ရပ်ကွက် နှင့် ကျေးရွာများရှိ လိုင်စင်မဲ့ယာဉ်သယ်ဆောင်သည့် လမ်းကြောင်းများ၊ ရောင်းဝယ်ပြုလုပ်သူများ၏ နေအိမ်များ အပြင် ကားဝပ်ရှော့နှင့် ကား/ဆိုင်ကယ် ရေးဆေးခုံများအထိပါ သွားရောက် ရှာဖွေ ဖမ်းဆီး သိမ်းဆည်းမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ယင်းပြင် တောင်ကြီးခရိုင်အတွင်း မြို့ဝင်မြို့ထွက်များ နှင့် မြို့ရှောင်လမ်းများတွင် အချိန်မရွေး လျပ်တပြတ် ရှောင်တခင် ပူးပေါင်းစစ်ဆေးခြင်းများ ပြုလုပ်မည်ဟုလည်း သိရသည်။
လျှို့ဝှက်ညွှန်ကြားချက်တွင် တောင်ကြီး နှင့် ရပ်စောက်ကို အဓိကရည်ညွှန်းထားသည်ကိုတွေ့ရပြီး လက်ရှိတွင် လုပ်ငန်းအကောင်အထည်ဖော်ရန် အဖွဲ့များခွဲကာ လုပ်ဆောင်သွားမည့် စီမံချက်များကို ရေးဆွဲနေလျှက်ရှိကြောင်း သိရသည်။
လိုင်စင်မဲ့ကားများကို မူးယစ်ဆေးဝါးနှင့်တရားမဝင်လုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း လိုင်စင်မဲ့ကားများကို အသုံးပြုမှုများရှိနေသလို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့် တော်လှန်ရေးတပ်ဖွဲ့များကလည်း အသုံးပြုမှုများရှိသည့်အတွက်ဟုဆိုကာ ယခုလို လိုင်စင်မဲ့ကားများ ဖမ်းဆီးရန် စီမံနေကြခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့် တော်လှန်ရေးတပ်ဖွဲ့များ လိုင်စင်မဲ့ကားများကို အသုံးပြုမှုများရှိ၍ဟုဆိုကာ လိုင်စင်မဲ့ကားများကို စစ်ဆေး ဖမ်းဆီးရေးကိစ္စကို တိုင်းနှင့်ပြည်နယ်များတွင် ယခင်ကတည်းက ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ကားများ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကားအရောင်းနေရာများနှင့်ကားဝပ်ရှော့အချို့ အပါအဝင် ရေဆေးခုံများတွင် ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သေးသည်။
တာချီလိတ်မြို့တွင် ထိုစဉ်က လိုင်စင်မဲ့ ယာဉ်များဖမ်းဆီးမှုအတွင်း အချို့ ကားရောင်းသူများကို ကြိုတင် သိမ်းဆည်း ရှောင်ထားရန် နှင့် နေရာကွက်ကျား ဖမ်းဆီးသည့် ဘက်လိုက်မှုနှင့်အတူ အဂတိလိုက်စားမှုများရှိ၍ နေပြည်တော် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းနိုင်ထွန်း ကိုယ်တိုင် ရောက်ရှိလာပြီး ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင် အပါအဝင် ဖမ်းဆီးရေးတွင် ပါဝင်သူအားလုံးကို (၃)ရက်ကြာ စစ်ဆေးသွားပြီးနောက် ဒုရဲမှူး (၄)ဦးကို အရေးယူသည့်အနေဖြင့် နေရာပြောင်းရွှေ့မှုများပါ လုပ်ဆောင်သည့် ဖြစ်စဉ်ရှိခဲ့သည်။