ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် (၁၂)ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုများကြောင့် အရပ်သား(၅)ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရသည်ဟု စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်ပြီး ရှမ်းလူ့အခွင့်အရေမဏ္ဍိုင်က ၂၀၂၅ခုနှစ် ဧပြီလ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
၂၀၂၅ ခုနစ် မတ်လ(၂၁)ရက်နေ့မှ ဧပြီလ(၁)ရက်နေ့ကြားတွင် နောင်ချိုမြို့နယ်၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား(၅)ဦးသေဆုံးပြီး (၁၀)ဦးဒဏ်ရာရကာ နေအိမ်ပေါင်းများစွာ ပျက်စီးခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီ၏ တိုက်ခိုက်မှုအများစုမှာ မတ်လ(၂၈) ရက်နေ့က ဖြစ်ပွားခဲ့သော ငလျင်ကပ်ဘေးအပြီးတွင် ဖြစ်သည်ဟု ဆိုသည်။
မတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် Y-12 ဂျက်ဖိုက်တာဖြင့် လောက်ဖန်း၊ အုမ္မတီး ၊ အုမ္မခါးနှင့် ကျောက်ကြမ်းကျေးရွာအနီးတစ်၀ိုက်ကိုဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အများအပြားပျက်စီးခဲ့သည်ဟု သိရသည်။
မတ်လ(၂၂)ရက်နေ့တွင် စစ်ကောင်စီတပ်သည် ဒရုန်းဖြင့် အုမ္မခါးကျေးရွာကို ဗုံး(၄)လုံးကြဲချရာ အရပ်သားတစ်ဦးဒဏ်ရာရခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးခဲ့သည်ဟု သိရသည်။
မတ်လ(၂၆)ရက်နေ့တွင် စစ်ကောင်စီဂျက်ဖိုက်တာများသည် အုမ္မခါးကျေးရွာ၊ သုံးဆယ်နှင့် ရွှေညောင် ပင်ကျေးရွာတို့ကို ဗုံး(၅)လုံးကြဲချရာ ဗုံးနှစ်လုံးသည် သုံးဆယ်ကျေးရွာသို့ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သား(၄)ဦးသေဆုံးခဲ့ကာ နေအိမ်(၄)လုံး ပျက်စီးခဲ့သည်။
ကျန် ဗုံး(၃)လုံးအနက် ဗုံး(၂)လုံးသည် အုမ္မခါးကျေးရွာသို့ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား(၄)ဦးဒဏ်ရာရခဲ့ကာ နေအိမ်(၄) လုံးပျက်စီးခဲ့သည်ဟု သိရသည်။
မတ်လ(၂၈)ရက်နေ့တွင် မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်သော ၇.၇ ပြင်းအားရှိသော ငလျင် နှင့် မိနစ်ပိုင်းသာခြား၍ စစ်ကောင်စီလေတပ်သည် နောင်လင်ကျေးရွာနှင့် ကံကြီးကျေးရွာတို့ကို ဗုံး(၈)လုံးကြဲချခဲ့ရာ နေအိမ် (၁၀)လုံးပျက်စီးသည်ဟု သိရသည်။
မတ်လ(၃၀)ရက်နေ့တွင် စစ်ကောင်စီလေတပ်သည် ပေါင်(၂၅၀)ဗုံးနှစ်လုံးကို အုမ္မသီးကျေးရွာသို့ကြဲချခဲ့ရာ နေအိမ်အများအပြားပျက်စီးခဲ့သလို မတ်လ(၃၁)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သည် ကျောက်ကြမ်းကျေးရွာကို ဒရုန်းဖြင့် ဗုံးများကြဲချခဲ့ရာ နေအိမ်(၂)လုံးပျက်စီးခဲ့သည်
ဧပြီလ(၁)ရက်နေ့ နံနက်(၁၁)နာရီ၀န်းကျင်တွင် စစ်ကောင်စီတပ်သည် ဒရုန်းဖြင့် သုံးဆယ်ကျေးရွာနှင့် အုမ္မသီးကျေးရွာသို့ ဗုံးများကြဲချခဲ့ရာ အရပ်သား တစ်ဦးသေဆုံးပြီး နေအိမ်တစ်လုံးပျက်စီးခဲ့သည်ဟု သိရသည်။
ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်သည် တောင်းခမ်းကျေးရွာအနီးရှိ တောင်လှကျေးရွာကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အရပ်သား(၅)ဦးဒဏ်ရာရခဲ့ပြီး နေအိမ်(၂)လုံးပျက်စီးခဲ့သည့်အပြင် ရေမောင်းတန်းကျေးရွာနှင့် လွယ်ခွင်ကျေးရွာတို့ကို လေကြောင်းမှဗုံးကြဲရာ နေအိမ်အများအပြားပျက်စီးသည်ဟု သိရသည်။