ပြည်သူ့စစ်မှုထမ်းအတွက် စစ်သားစုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ ပြုလုပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ် ခံရ၍ သေဆုံး

ပြည်သူ့စစ်မှုထမ်းအတွက် စစ်သားစုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ ပြုလုပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ် ခံရ၍ သေဆုံး

 စစ်မှုထမ်းစုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသည့် ပြည်ခရိုင်အတွင်း  ဗြူကုန်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးသွားသည်ဟု သိရသည်။

ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတလည်မြို့ မြို့လှစံပြကျေးရွာတွင် နေထိုင်သည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အောင်နိုင်ဦးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၇ ) ရက်နေ့ နံနက် ( ၁၁ ) နာရီခန့်တွင် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - ၃၆၀၁ တပ်ရင်း တပ်ခွဲ ( ၃ ) က နေအိမ်သို့ သွားရောက်ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အုပ်ချုပ်ရေးမှူး အောင်နိုင်ဦးသည် စစ်မှုထမ်းစုဆောင်းခြင်း ၊ ပေါ်တာဆွဲရာတွင် လိုက်ပါခြင်း ၊ ကျေးရွာအုပ်စုအတွင်း ပြည်သူများအား စစ်မှုမထမ်းလိုလျှင် တအိမ်ထောင်လျှင် ( ၁ ) လကို ကျပ်သုံးသောင်းမှ ငါးသောင်းကျပ်အထိ ကောက်ခံခြင်းများ ပြုလုပ်သည်ဟု ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းအား အုပ်ချုပ်ရေးမှူးတာဝန်မှ နှုတ်ထွက်ပြီး စစ်ကောင်စီနှင့် မပူးပေါင်းရန် ဖုန်းဖြင့် ( ၃ ) ကြိမ်ထက်မနည်း သတိပေးထားသည့်ကြားမှ နှုတ်ထွက်ခြင်းမပြုဘဲ ယခင်ကထက် ပိုမိုဆိုးရွားစွာ လုပ်ဆောင်နေသည့်အတွက် အရေးယူရခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။