ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ပေါ် ဈေးအရှေ့ဘက်ခြမ်းရှိ သင်္ကန်းဆိုင် မီးလောင်မှုကြောင့် လူ (၄)ဦး မီးလောင် သေဆုံးပြီး တစ်ဦးဘေးကင်းကြောင်း သိရသည်။
"သူတို့ အိမ်ထဲမှာက အမျိုးသမီးတစ်ဦးပဲ လွတ်တယ်။ (၄)ယောက် မီးထဲပါသွားတယ်။ သက်ကြီးပိုင်းတွေပဲ။ ဖယောင်းတိုင်မီးကြောင့် စလောင်တယ်လို့ သိရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။
နေထိုင်သူ (၅)ဦးအနက် မီးလောင်မှုကြောင့် အသက်(၅၀)ကျော် အမျိုးသမီး တစ်ဦးနှင့် အသက်(၆၀)ကျော် အမျိုးသမီး(၂)ဦး အပြင် အသက်(၆၀)ကျော် အမျိုးသားတစ်ဦး စုစုပေါင်း (၄)ဦး သေဆုံးသွားပြီး ကျန် အမျိုးသမီးတစ်ဦးမှာ မီးဘေးက ကင်းဝေးခဲ့ရကြောင်း သိရသည်။
မီးလောင်မှုကြောင့် နှစ်ထပ်တိုက် နေအိမ် မီးလောင်ကျွမ်းခဲ့ရသလို ကားနှင့်ဆိုင်ကယ်လုံး မီးလောင်ကျွမ်းခဲ့ရသည့်အတွက် အလုံးဆုံး ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
၂၀၂၅ခုနှစ် ဧပြီလ(၁)ရက်နေ့ အကူး နံနက်(၁)နာရီကျော်အချိန်က မီးလောင်မှု စတင်ဖြစ်ပွားရာ ပင်လုံ အပါအဝင် နမ့်စန် နှင့် လွိုင်လင်တို့မှ မီးသတ်တပ်ဖွဲ့များ လာရောက်ပြီး ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
"မီးသတ်ကတွေ အကုန်လုံး ပေါင်းပြီး နိုင်နိုင်နင်းနင်း ငြှိမ်းသတ်နိုင်လို့ တော်သေးတယ်။ မဟုတ်ရင် ဘေးအိမ်တွေအထိ ကူးကုန်ရင် ဈေးအထိ ရောက်သွားနိုင်တယ်။ မီးလောင်တဲ့အချိန် လေကလည်း တိုက်နေတော့ အတော်လေး စိုးရိမ်နေကြတာ။ မနက်(၁)နာရီခွဲလောက်ကနေ မနက် (၃)နာရီလောက်အထိ လောင်နေတာ"ဟု ဒေသခံ တစ်ဦးက ပြောသည်။