မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မူးယစ်ရဲသတင်းပေး ပါဝင်သည့် တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ အဖွဲ့သည် မိုင်းဖုန်းဒေသအတွင်း သတ်ခံရမှုနှင့်အတူ ပျောက်ဆုံးနေမှုများရှိနေရာမှ သတ်ခံထားရသူ တစ်ဦး၏ အလောင်း (၁)လောင်း မဲခေါင်မြစ်ကမ်းတွင် ဧပြီလ(၃)ရက်နေ့က မျောလာသည်ကို တွေ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း ပါဆာ - ဆမ်ဖူးဝန်းကျင်တွင် မူးယစ်ဆေးဝါးအဖွဲ့နှင့် ပတ်သက်၍ သတင်းရှိကြောင်း မူးယစ်ရဲတပ်ဖွဲ့၏ အမာခံ သတင်းပေးက ပြောလာ၍ ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့တွင် သတင်းပေးနှင့်မူးယစ်ရဲအဖွဲ့တို့ သွားရောက်ရာမှ မူးယစ်မှောင်ခိုအဖွဲ့နှင့် တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း တာချီလိတ်မူးယစ်အဖွဲ့ဘက်က သေဆုံးနှင့်ပျောက်ဆုံးမှုများအထိ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း ခိုင်မာသည့်သတင်း သတင်းရင်းမြစ်ထံက သိရသည်။
"သူတို့က သူတို့ရဲ့ အထက်လူကြီးကို မိုင်းဖုန်းဘက် ဟိုနား ဒီနား ကင်းပတ်ဆိုတဲ့ သဘောမျိုးပြောပြီးတော့ သူတို့အစီအစဉ်နဲ့သူတို့ ပါဆာ ဆမ်ဖူးအကျော် ဟိုးအတွင်းထိ သွားတာ။ အဲ့ဘက်က တချိန်က အနက်ရောင်နယ်မြေလေ။ အခုထိလည်း အဲ့ဘက်က စိတ်မချရဘူးလို့ ပြောလို့ရမဲ့ အနေအထားပဲ။"ဟု သတင်းရင်းမြစ်က Tachileik News Agency ကို ဧပြီလ(၄)ရက်နေ့တွင် ပြောသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲတပ်ဖွဲ့ဝင်များနှင့် မူးယစ်သတင်းပေး အပါအဝင် (၈)ဦးအနက် (၂)ဦးမှာ ဒဏ်ရာများဖြင့် ပြန်လည်ရောက်ရှိလာ၍ ကနဦးတွင် တာချီလိတ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရပြီး (၆)ဦးမှာ သေဆုံးနှင့်ပျောက်ဆုံးသူများဖြစ်ကြောင်း သိရသည်။
" (၈)ဦးမှာ ရဲသတင်းပေးအပြင် တပ်သားအဆင့်ရယ် အရာခံရယ်ပါတယ်။ အရာခံ နဲ့ သူ့ယာဉ်မောင်းကတော့ လွတ်လာပြီး ဆေးရုံရောက်လာတယ်။ ရဲနဲ့ သတင်းပေး (၆)ဦးမှာ (၃)ဦးသေပြီး (၃)ဦးက ပျောက်နေတယ်ဆိုပေမဲ့ သေတဲ့ (၃)ဦးရဲ့ အလောင်းလည်း အခုထိ ပြန်မရဘူး။ မနေ့က မဲခေါင်မြစ်ဘေးမှာ မျောလာတဲ့ အလောင်းကတော့ ပျောက်နေတဲ့(၃)ဦးထဲက တစ်ဦးရဲ့ အလောင်းပါ။"ဟု ၎င်းက ဆက်လက် ပြောပြသည်။
မဲခေါင်မြစ်ကမ်းအတွင်း မျောလာသည့် အလောင်းအား မြို့တွင်းသို့ ပြန်လည်သယ်ဆောင်လာပြီးနောက် ဧပြီလ(၃)ရက်နေ့၏ နေ့လည်ပိုင်းမှာပင် မြို့မသုဿန်သစ်ဖြစ်သည့် ပုံလို့သုဿန်တွင် မီးသင်္ဂြိုလ်လိုက်ကြောင်း သိရသည်။
"သေသွားတဲ့ (၃)ဦးရဲ့အလောင်းနဲ့ ပျောက်နေတဲ့ (၃)ဦးကို နောက်တစ်နေ့မှာ ရဲနဲ့တပ်ပေါင်းပြီး သွားရှာတာ မတွေ့ဘူးပြောတယ်။ ပျောက်နေတဲ့(၃)ဦးထဲက တစ်ဦးကတော့ မနေ့က ဓါးနဲ့သတ်ပြီး မြစ်ထဲ မျောလိုက်တဲ့ အလောင်းပေါ့။"ဟု နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပြသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသတွင်း သတင်းပေါက်ကြားမှု မရှိစေရန် နှင့် အခြားသို့ မပြောရန်လည်း လျှို့ဝှက်ထားသည်ဟု သိရသည်။
မိုင်းဖုန်းဒေသအတွင်း ပါဆာ - ဆမ်ဖူးအလွန်တွင် လွန်ခဲ့သော ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့က မူးယစ်ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ရဲတပ်ဖွဲ့ဝင်များ မူးယစ်မှောင်ခိုအဖွဲ့အစည်းများ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည့် ဖြစ်စဉ်လည်းရှိခဲ့သေးသည်။