ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း ဆီလီမွန်းကျေးရွာတွင် ရဲတပ်ဖွဲ့နှင့် အမည်မသိ လူတစ်စု ပြည်သူ့စစ်ခေါင်းဆောင် နေအိမ်တွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။
ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၈)ရက်နေ့ နေ့လည်(၁၂)နာရီဝန်းကျင်အချိန်က ဆီလီမွန်းကျေးရွာသို့ ရဲတပ်ဖွဲ့မှ စုစုပေါင်း ကား(၈)စီးဝန်းကျင်ဖြင့် တရားခံ ဖမ်းဆီးရန်အတွက် ရောက်ရှိလာပြီး မကြာမီ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။
"နေ့လည်(၁၂)နာရီလောက်က ရဲတွေ ကား(၈)စီးလောက်နဲ့ ရောက်လာပြီး သိပ်မကြာဘူး။ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားတယ်။ တစ်ဖက်က ရှမ်းတစ်ယောက် ခြေထောက်ကို သေနတ်ကျည်ထိသွားသလို တရုတ်တစ်ယောက်လည်း ကျည်ထိသွားတယ်လို့ ကြားတယ်။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။
ရဲတပ်ဖွဲ့၏ စုပေါင်းအင်အားနှင့် ဝိုင်းထားကာ ပစ်ခတ်သည့် နေအိမ်မှာ ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦး၏ နေအိမ်ဖြစ်နေပြီး အဆိုပါ နေအိမ်ကနေ လူတစ်စုက ပြန်လည်ပစ်ခတ်ခြင်း ဖြစ်သည်ဟု သိရသည်။
"သူတို့ကို ဖွက်ပေးထားတဲ့ အိမ်က မောတွီပြည်သူ့စစ်ခေါင်းဆောင် ဦးကျဒင် အိမ်။ အိမ်က (၂)ထပ်တိုက်၊ သေနတ်တွေနဲ့ ပစ်လို့ တစ်အိမ်လုံး အပေါက်တွေ ဖြစ်ပြီး ပျက်စီးကုန်ပြီလို့။ ရဲတွေလည်း အခု ညနေအထိ အပြန်သေးဘူး။ အဲ့အိမ်မှာပဲရှိသေးတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။
ပစ်ခတ်မှုဖြစ်ပွားပြီး ညနေ(၃)နာရီဝန်းကျင်အထိ ဆီလီမွန်းကျေးရွာနှင့် တလမ်းတည်းဖြစ်သည့် မောတွီရွာအဝင်အထွက် ဝန်းကျင်ကိုလည်း ခေတ္တပိတ်ထားပြီးနောက် သိပ်မကြာမီတွင် ပုံမှန်အတိုင်း သွားလာခွင့်ပြုလိုက်ကြောင်း သိရသည်။
"ဘာကြောင့်ဖြစ်တာလဲတော့မသိဘူး။ မောတွီရွာအထက်မှာတော့ ရွှေသတ္တူခိုးတူးတဲ့ အဖွဲ့တွေတော့ရှိတယ်။ အဲ့ဒါနဲ့ ပတ်သက်တာလား။ မူးယစ်ဆေးဝါးကြောင့်လား။ ကျားဖြန့် ကြောင့်လားဆိုတာတော့ တိတိကျကျမသိရသေးဘူး။ ညနေကတော့ ရဲကားတွေ အသုတ်လိုက် သွားတာ တွေ့နေရတာပဲ"ဟု ဆီလီမွန်းရွာအနီးရှိ ကျေးရွာဒေသခံ တစ်ဦးကလည်း ပြောပြသည်။
လက်ရှိတွင် ည(၆)နာရီခွဲကျော်အချိန်အထိ ရဲတပ်ဖွဲ့မှာ ဆီလီမွန်းရွာတွင်ရှိနေသေးပြီး တရားခံ(၃)ဦးဝန်ကျင်အထိ ဖမ်းမိထားကြောင်း နှင့် အချက်အလက် တင်ပြမှု တပြေးညီဖြစ်ရန်နှင့် ညှိနှိုင်းမှုများ လုပ်ဆောင်နေကြကြောင်းလည်း သိရသည်။