မြန်မာ - လာအို - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် မဲခေါင်မြစ်ကြောင်းကို အသုံးပြုပြီး ဘုရားလေးရေဆိပ် (မြန်မာဘက်)မှ တင်ဆောင်လာကာ တာချီလိတ်စက်မှုဇုန်တွင် သိမ်းဆည်းထားသည့် ကဖင်းတန်ချိန် (၁၂)တန်ခွဲကို ဖမ်းဆီး သိမ်းဆည်းရမိပြီး ပါဝင် ပတ်သက်နေသူ (၂)ဦး လွတ်မြောက်နေကြောင်း သိရသည်။
တာချီလိတ်မြို့ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အတွင်း စက်မှုဇုန်ရှိ ဂိုဒေါင်ခြံဝင်းတစ်ခုအတွင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက် စစ်ဆေးရာ ခြံဝန်းအတွင်း၌ ငြိမ်းမြင့်ထွန်းဆိုသူကို တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေရာအသီးသီးမှ ဆာလာအိတ် တစ်အိတ်လျှင် (၂၅)ကီလိုစီပါရှိသည့် ကဖင်းအဖြူရောင် အမှုန့်များကို တွေ့ရှိရာ ဆာလာအိတ်ပေါင်း (၅၀၀)အတွင်းမှ စုစုပေါင်း ကဖင်းတန်ချိန် (၁၂)ခွဲတန်ချိန်ကို ၂၀၂၅ခုနှစ် ဧပြီလ(၁၃)ရက်နေ့ ညနေပိုင်းက တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကဖင်းများနှင့်အတူ ကနဦး ဖမ်းဆီးရမိထားသည့် ငြိမ်းမြင့်ထွန်းအား စစ်ဆေးရာ သိမ်းဆည်းရမိသည့် ကဖင်းများမှာ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်းနေ ဂိုဒေါင်ပိုင်ရှင် အောင်ကျော်ဌေး(ခ)ကျော်ထွေး၏ စေခိုင်းမှုအရ တဆင့် သယ်ဆောင်လာပြီး သိုဝှက်ထားပေးခြင်း ဖြစ်ကြောင်း သိရ၍ ဂိုဒေါင်ပိုင်ရှင်၏ နေအိမ်သို့ ပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေကြကြောင်း သိရသည်။
ဂိုဒေါင်ပိုင်ရှင် အောင်ကျော်ဌေး(ခ)ကျော်ထွေး၏ နေအိမ်သို့ သွားရောက်ရှာဖွေရာ ၎င်းအား အသင့်တွေ့ရပြီး ဆက်လက် စစ်ဆေးရာမှ ကဖင်းများနှင့်ပတ်သက်ပြီး အကျိုးတူပူးပေါင်း လုပ်ဆောင်ရာတွင် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်းနေ အိုက်အွန်(ခ)အိုက်ကျိုင်း နှင့် အိုက်ဆောင်တို့ ပါဝင်သည်ဟု သိရကြောင်း သိရသည်။
လက်ရှိတွင် ဂိုဒေါင်ပိုင်ရှင် အောင်ကျော်ဌေး(ခ)ကျော်ထွေး နှင့် သယ်ဆောင်သိုဝှက်ထားပေးသူဟုဆိုသည့် ငြိမ်းမြင့်ထွန်းတို့ကိုသာ ဖမ်းဆီးရမိထားပြီး အိုက်အွန်(ခ)အိုက်ကျိုင်း နှင့် အိုက်ဆောင်တို့မှ ထွက်ပြေး လွတ်မြောက်နေကြောင်း သိရသည်။
၎င်းတို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မယ(ပ)၄၇/၂၀၂၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ခ)/၂၁ အရ အမှုဖွင့်ထားပြီး လွတ်မြောက်နေသည့် (၂)ဦးကို ဖမ်းဆီးရမိရန် လက်တလော ဖမ်းဆီးရမိထားသည့် (၂)ဦးကို စစ်ဆေးနေကြောင်း သိရသည်။
ယခု ဖမ်းဆီးသိမ်းဆည်းရရှိသည့် ကဖင်းများကို ဆမ်ဖူး - နမ့်ဖုန်းအကြား မဲခေါင်မြစ်ရှိ ဘုရားလေးရေဆိပ်ကနေ တင်ဆောင်ပြီး ဂိုဒေါင်သို့ ပြောင်းရွှေ့ သိုဝှက်ထားသည့် ကဖင်းများ ဖြစ်ကြောင်း သိရသည်။
မိုင်းဖုန်း(က)ကျေးရွာအုပ်စု ပါဆာ - ဆမ်ဖူး အတွင်းပိုင်းဘက်တွင် ပြီးခဲ့သည့် မတ်လ(၂၈)ရက်နေ့က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ မူးယစ်ရဲတပ်ဖွဲ့ဝင်များနှင့် မူးယစ်သတင်းပေး အပါအဝင် (၈)ဦးတို့သည် မူးယစ်ဂိုဏ်းအဖွဲ့ထံက ၎င်းတို့အတွက် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ဘတ်(၅)သိန်း ခွဲတမ်းရလိုကြောင်း ပြောဆို ညှိနှိုင်းရာမှ မူးယစ်ရဲတပ်ဖွဲ့နှင့် မူးယစ်သတင်းပေး (၆)ဦး သတ်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ပါဆာ - ဆမ်ဖူး ဝန်းကျင်သို့ကို ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ပြီးနောက် ဆမ်ဖူးဘက်ကနေ စက်မှုဇုန်သို့ သယ်ဆောင် သိုဝှက်ထားသည့် ကဖင်းများကို ဖော်ထုတ်ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ပြီးခဲ့သည့် နှစ်များက လာအိုဘက်ကနေ မဲခေါင်မြစ်ကြောင်းကို ဖြတ်သန်းပြီး သယ်ဆောင်ကာ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့မှ တာလေဘက်သို့ တင်ဆောင်လာသည့် ကဖင်းများကိုလည်း မကြာခဏ ဖမ်းဆီးရရှိခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့ပြီး ယခုအခါ မိုင်းဖုန်းဘက်တွင် ကဖင်း ဖမ်းဆီးရရှိမှုမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။