ကျိုင်းတုံမြို့ရှောင်လမ်းတွင် ဆိုင်ကယ်မောင်းလာသူကို လူနှစ်ဦးက လမ်းမေးသလို ဟန်ဆောင်ပြီး ဓါးဖြင့်ထိုးကာ ဆိုင်ကယ်လုသွား

ကျိုင်းတုံမြို့ရှောင်လမ်းတွင် ဆိုင်ကယ်မောင်းလာသူကို လူနှစ်ဦးက လမ်းမေးသလို ဟန်ဆောင်ပြီး ဓါးဖြင့်ထိုးကာ ဆိုင်ကယ်လုသွား

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့၏ မြို့ရှောင်လမ်းတွင် ဆိုင်ကယ်မောင်းလာသူကို လူ(၂)ဦးက လမ်းမေးသလို ဟန်ဆောင်ပြီး  ဓါးဖြင့်ထိုးကာ ဆိုင်ကယ် လုယက်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ၂၀၂၄ခုနှစ် မေလ(၂၃)ရက်နေ့၏ ညနေပိုင်းအချိန်က ကျိုင်းတုံမြို့ရှောင်လမ်းတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

 

"ဒီနေ့ ကျိုင်းတုံမြို့ရှောင်လမ်းမှာ ကျွန်တော့်ဆိုင်ကယ်  အလု ခံရလို့ပါ။ လူနှစ်ယောက် လမ်းမေးသလိုနဲ့  ဓားထောက်ပြီး ဝင်လုတာပါ။  ကျွန်တော့်လက်ကို ဓားနဲ့အထိုးခံလိုက်ရပါတယ်။ ကျေးဇူးပြုပြီး လာရောင်းတာဖြစ်ဖြစ် တွေ့တာဖြစ်ဖြစ် ရှိခဲ့ရင် ကျွန်တော့်ကို ဆက်သွယ်ပေးကြပါနော် ထိုက်ထိုက်တန်တန်ကျေးဇူးဆပ်ပါ့မယ်။"ဟု ဆိုင်ကယ်လုယက်ခံရသူက ကာယကံရှင်က မေလ(၂၃)ရက်နေ့ ည(၇)နာရီခွဲကျော်အချိန်က Facebook ပေါ်တွင် ရေးသားပြီး အကူအညီတောင်းခံထားသည်ကို တွေ့ရသည်။

ဆိုင်ကယ်အား တွေ့ရှိသည်ဖြစ်စေ၊ လာရောင်းသည်ဖြစ်စေ ၎င်းအား အကြောင်းကြားပေးနိုင်ရန်အတွက် ဆက်သွယ်ရန် ဖုန်းနံပတ်ဖြစ်သည့် 09428814090 ကိုလည်း ရေးသား ဖော်ပြထားရှိသည်။

ဓါးဖြင့်ထိုး ခံရမှုကြောင့် ၎င်း၏ လက်တွင် တစ်လက်မခန့် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

"ကျိုင်းတုံမြို့က အရင်နဲ့ မတူတော့ဘူး။ ခိုး ဆိုး လုယက်မှုတွေက အရင်ထက် ပိုပြီး အတင့်ရဲလာကြတယ်။ ညဖက်တွေ မဟုတ်တော့ဘဲ နေ့ဘက်တွေမှာပါ အဖြစ်များလာတယ်။ အဲ့ဒီ မြို့ရှောင်လမ်းက ခဏခဏ ဖြစ်ဖူးတယ်။ အရင်က ကျွန်မ အသိတစ်ယောက်ဆိုရင်လည်း ရိုက်ပြီး လုခံရဖူးတယ်။ လူပြတ်တဲ့နေရာတွေကို သွားမယ်ဆိုရင်တော့ တစ်ယောက်တည်းမသွားတာ အကောင်းဆုံးပဲ"ဟု ကျိုင်းတုံ ဒေသခံ အမျိုးသမီးတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကျိုင်းတုံမြို့တွင် ဆိုင်ကယ်ခိုးမှုနှင့် လုယက်မှုများမှာ ယခင်ကလိုမဟုတ်တော့ဘဲ မကြာခဏ ဖြစ်ပွားနေလျှက်ရှိသော်လည်း ကျိုင်းတုံရဲတပ်ဖွဲ့အနေဖြင့် တရားခံများကို ဖမ်းဆီး အရေးယူပေးမှု နည်းပါးကြောင်း ဒေသခံများထံက သိရသည်။