ငလျင်ဒဏ်ခံစားရသည့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် တစ်လ အပစ်ရပ်မည်ဟု ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်သည်။
ညီနောင်(၃)ဖွဲ့က ထိုးစစ်ဆင်ခြင်းမပြုလုပ်ဘဲ တဖက်သတ် အပစ်ရပ်စဲမှုကို ၂၀၂၅ခုနှစ် ဧပြီလ(၁)ရက်နေ့မှ ဧပြီလ(၃၀)ရက်နေ့အထိ တစ်လ သတ်မှတ်ကာ ရပ်စဲသွားမည်ဖြစ်ကြောင်း သိရသည်။
ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army - MNDAA)၊ ရက္ခိုင့်တပ်တော် ( Arakan Army - AA ) နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် Ta'ang National Liberation Army - TNLA )တို့သည် တဖက်သတ်အပစ်ရပ်ထားသည့် ကာလအတွင်း ၎င်းတို့အနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို လုပ်ဆောင်သွားမည်မဟုတ်ဘဲ စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်လာသည့်အခါတွင် ခုခံကာကွယ်သည့် တုံ့ပြန်မှုမျိုးများသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။