မြောက်ဥက္ကလာပမြို့နယ် စိန်ပန်းမြိုင်ယာဉ်ထိန်းရဲရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

မြောက်ဥက္ကလာပမြို့နယ် စိန်ပန်းမြိုင်ယာဉ်ထိန်းရဲရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
စက်တင်ဘာ 6, 2024 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် စိန်ပန်းမြိုင်ယာဉ်ထိန်းရဲရုံးအား လက်ပစ်ဗုံး (၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Yangon UG People Army(YUPA) ထံမှ သိရသည်။

မြောက်ဥက္ကလာပမြို့နယ် စိန်ပန်းမြိုင်ယာဉ်ထိန်းရဲရုံးအား ၂၀၂၄ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့ ည (၈) နာရီခွဲခန့်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့က လက်ပစ်ဗုံး (၂)လုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်သွင်းတိုက်ခိုက်ပြီးနောက် ယာဉ်ထိန်းရဲရုံးထဲမှ မီးခိုးများအူထွက်လာပြီး အော်ဟစ်ဆဲဆိုသံများကြားရကာ နောက်ဆက်တွဲအခြေအနေများကို ဆက်လက်စုံစမ်းနေကြောင်း Yangon UG People Army (YUPA) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် မြို့ပြပြောက်ကြားတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ဘဲ ဘေးကင်းသည့်နေရာသို့ ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Yangon UG People Army (YUPA) နှင့် မဟာမိတ်ညီနောင်ဖြစ်သည့် မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Yangon UG People Army(YUPA)