ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) ထိန်းချုပ်နယ်မြေ မြဝတီမြို့ ကျောက်ခက်ဒေသရှိ ကျားဖြန့်လုပ်ငန်းမှ ဖမ်းဆီးရမိသည့် နိုင်ငံခြားသား (၃၀၀)ဦးကျော်ကို စစ်ကောင်စီက ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ အထိ လာရောက်ခေါ်ဆောင်ခြင်းမရှိသေးဟု သိရသည်။
ကျောက်ခက်ရှိ ကျားဖြန့်လုပ်ငန်းများမှ ထပ်မံဖမ်းဆီးရမိသည့် နိုင်ငံခြားသား (၃၀၀)ဦးကျော်ကို ထိုင်းနိုင်ငံသို့ပြန်ပို့ရန် DKBA ဘက်က အဆင်သင့်ဖြစ်နေသော်လည်း စစ်ကောင်စီဘက်က လာရောက်ခေါ်ဆောင်ခြင်းမရှိ၍ အခက်အခဲဖြစ်နေရသည်ဟုလည်း ဆိုသည်။
“လာမခေါ်သေးဘူး။ နှစ်ရက်၊ သုံးရက်တော့ စောင့်ရမယ်ထင်တယ်။ သူတို့ ရွှေကုက္ကိုလ်ဘက်မှာ အလုပ်လုပ်နေတော့လေ ရွှေကုက္ကိုလ်ပြီးမှနဲ့ ထင်တယ်။ အကြောင်းပြန်တယ် အဆက်အသွယ်တော့ရှိတယ်။ မအားသေးလို့လေ။ နစကအစိုးရက မအားသေးတော့ စောင့်နေရတယ်။ သူတို့လည်း အလုပ်များတာကို ရွှေကုက္ကိုလ်မှာတောင်မှ အသဲအသန်ဖြစ်နေတယ်လေ။ ရွှေကုက္ကိုလ်ပြီးမှပဲ ကျွန်တော်တို့အလှည့်ပြန်ရောက်မယ်။”ဟု DKBA အမှတ် (၁)စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှက Tachileik News Agency ကိုပြောသည်။
ထို့ကြောင့် ကျားဖြန့်လုပ်ငန်းများထံ လူကုန်ကူးခံရသူများအား ရှာဖွေခြင်းအစီအစဉ်အား ခတ္တရပ်နားထားရပြီး ပြန်ပို့ရန် အဆင်သင့်ပြင်ထားသည့် နိုင်ငံခြားသား(၃၀၀)ကျော်အတွက် နေထိုင်စားသောက်ရေးကို ပြင်ဆင်ပေးနေရသည်ဟု ဆိုသည်။
အဆိုပါ နိုင်ငံခြားသား(၃၀၀)ဦးကျော်ကို DKBAက စစ်ကောင်စီထံပေးအပ်ပြီး စစ်ကောင်စီထံမှ ထိုင်းနိုင်ငံ အာဏာပိုင်များကတဆင့် ပြန်လည်လွှဲပြောင်းရယူကာ နေရပ်ပြန်ပို့ရန်စီစဉ်နေခြင်းဖြစ်သည်။
နိုင်ငံခြားသား(၃၀၀)ဦးကျော်တွင် ကင်ညာ၊ လာအို၊ ယူဂန်ဒါ၊ လတ်ဗီယာ၊ ရဝန်ဒါ၊ အီသီယိုးပီးယား၊ ကင်မရွန်း၊ နိုက်ဂျီရီးယား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဂါနာ၊ ဆီရာလီယွန်၊ ဖီလစ်ပိုင်၊ နီပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မလေးရှားနှင့် ဘူရွန်ဒီနိုင်ငံများမှ ပါဝင်သည်။
DKBA အနေဖြင့် ၎င်းတို့ထိန်းချုပ်နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများကို အပြီးပြတ်ချေမှုန်းတော့မည်ဟုလည်း DKBA အမှတ် (၁)စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှက ဆိုသည်။
DKBA က ၎င်းတို့၏ ထိန်းချုပ်ရာဒေသတွင်းရှိ ကျားဖြန့်လုပ်ငန်းများမှ ရှာဖွေပြီး ထိုင်းနိုင်ငံသို့ နိုင်ငံခြားသား (၂၆၀)ဦးကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့ညနေပိုင်းက လွှဲပြောင်းပေးလိုက်သည်။
အဆိုပါ လူကုန်ကူးခံရသူများကို ထိုင်းနိုင်ငံ တာ့ခရိုင် ဖုတ်ဖရမြို့သို့ မြ၀တီမြို့နယ် ကျောက်ခက်ကျေးရွာရှိ လှေဆိပ်မှတဆင့် သောင်းရင်းမြစ်ကမ်းကိုဖြတ်ကာ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။
ကျားဖြန့်လုပ်ငန်းနှင့်ပါတ်သက်၍ မြန်မာ-ထိုင်း နယ်စပ်ဒေသတလျှောက် လျှပ်စစ်မီးနှင့် စက်သုံးဆီများအား ထိုင်းဘက်က ဖြတ်တောက်လိုက်ပြီးနောက် DKBA က ၎င်းတို့ထိန်းချုပ်နယ် ဘုရားသုံးဆူနှင့် ကျောက်ခက်ဒေသ များတွင် ကျားဖြန့်လုပ်ငန်းများ မရှိစေရေးလုပ်ဆောင်မည်ဟု အသိပေးပြီးနောက် ဖမ်းဆီးခြင်းများ စတင်လာခြင်းဖြစ်သည်။
ယနေ့တွင် BGF ဌာနချုပ် ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများ၌ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၂၀၀)ဦးကို ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာ နိုင်ငံသို့ လွှဲပြောင်းလိုက်သည်ဟု စစ်ကောင်စီက ဖော်ပြသည်။
#TachileikNewsAgency
Photo:ကျောက်ခက်ရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသူများကို DKBA က ဖေဖော်ဝါရီလ ၁၂ရက်နေ့က ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးခဲ့စဥ်