ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ကားအရောင်းနေရာများတွင် လိုင်စင်မဲ့ကားများနှင့် လိုင်စင်ပါကားများကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဘက်လိုက်မှုနှင့်အတူ အဂတိလိုက်စားမှုများကြောင့် စစစ ၏ စစ်ဆေးမှုကို ခံရပြီးနောက် ကားများကို ဖမ်းဆီးသိမ်းဆည်းရန် အဓိက အမိန့်ပေးစေခိုင်းသူ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးကို နေရာ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွက် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးအဖြစ် ကျိုင်းတုံတွင် (၆)လ ဝန်းကျင်သာ တာဝန်ထမ်းဆောင်ရသေးသည့် ရဲမှူးကြီးသန့်ဇင်သည် အဆိုပါ ကိစ္စကြောင့် ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၅)ရက်နေ့တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရကြောင်း သိရသည်။
၎င်း၏ နေရာကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးမောင်မောင်အေးဖြင့် အစားထိုးလိုက်သည်။
"ရဲမှူးကြီး သန့်ဇင်က တာချီလိတ်မှာ ကားဖမ်းတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူတဲ့အနေနဲ့ ပြောင်းရွှေ့ခံရတာ။ လောလောဆယ်တော့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ရောက်သွားတာပေါ့။ သူ့နေရာကိုတော့ ရဲမှူးကြီး မောင်မောင်အေး ရောက်တယ်။ ပြောရရင် ဒဲ့ချိန်းလိုက်တာ"ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ မတ်လ(၂၅)ရက်နေ့တွင် ပြောသည်။
ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးအဖြစ် အသစ်ရောက်လာသူ ရဲမှူးကြီးမောင်မောင်အေးသည် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ မရောက်လာမီက မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ဒုတိုင်းရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ကျခဲ့သေးကြောင်း နှင့် ၎င်းသည် အပြောအဆို နှင့် အဆဲကြမ်းသူဟုလည်း သိရသည်။
တာချီလိတ်မြို့၏ လိုင်စင်မဲ့ကား ဖမ်းဆီးရေး ကိစ္စနှင့် ပတ်သက်ပြီး ရဲမှူးကြီးသန့်ဇင်အား မပြောင်းရွှေ့မီ ကားဖမ်းဆီးရေးတွင် ပါဝင်သူများထဲက ဒုရဲမှူး(၄)ဦးကို ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်၊ ကျေးသီး၊ မိုင်းရှူး နှင့် မိုင်းကိုင်သို့ ၂၀၂၅ခုနှစ် မတ်လ(၁၇)ရက်နေ့က ပြောင်းရွှေ့လိုက်သည်။
တာချီလိတ်မြို့ရှိ ကားအရောင်းနေရာများတွင် လိုင်စင်မဲ့ကားများနှင့် လိုင်စင်ပါကားများကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဘက်လိုက်မှုနှင့်အတူ အဂတိလိုက်စားမှုများကြောင့် နေပြည်တော်မှ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းနိုင်ထွန်း ကိုယ်တိုင် လာရောက်ပြီး ၂၀၂၅ခုနှစ် မတ်လ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ (၃)ရက် ဆက်တိုက် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင် အပါအဝင် ဖမ်းဆီးရေးတွင် ပါဝင်သူအားလုံးကို တာချီလိတ် စစစ ရုံးတွင် ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မတ်လ(၁၇)ရက်နေ့က စပြီး ယနေ့ မတ်လ(၂၅)ရက်နေ့အထိ အပြောင်းအရွှေ့များ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
"တာချီလိတ်မှာ စစစ က စစ်ဆေးနေတဲ့ ကာလမှာ ကျိုင်းတုံက ရဲတွေ သူတို့ တာချီလိတ်ကနေ ဖမ်းလာပြီးယူလာတဲ့ ကားထဲက ကားအကောင်းစားတွေကို ကျွန်မအသိအိမ်တွေမှာ လာထားကြတာတွေလည်းများတယ်။ စာရင်းဖျောက်ထားတဲ့ ကားတွေထင်တယ်"ဟု ကျိုင်းတုံ ဒေသခံတစ်ဦးက ပြောသည်။
တာချီလိတ်တွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ ညနေပိုင်းကစပြီး လိုင်စင်မဲ့ကား ဖမ်းဆီးမှုအတွင်း အရောင်းနေရာများနှင့်ရေဆေးခုံအပါအဝင် နေရာပေါင်း (၂၂)နေရာကို ရှာဖွေ ဖမ်းဆီးပြီး လိုင်စင်မဲ့ကား အစီး(၅၀)ဖမ်းဆီးရမိကြောင်း စာရင်းပြသော်လည်း လက်တွေ့ မြေပြင်အခြေအနေမှာ လိုင်စင်ရှိကား အများအပြားပါဝင်ပြီး အစီးရေ ပိုမိုများပြားကြောင်း နှင့် ဖမ်းဆီးမှုအတွင်း အရောင်းစာရေးမ အပါအဝင် လူ(၉)ဦး ဖမ်းဆီးခံရကြောင်း အပြင် ဖမ်းဆီးခံရသူများတွင် “IC”ကားရေဆေးခုံ နှင့်ကားဝပ်ရှော့ မှ ကားပြင်ဆရာများ အပါအဝင် (၄)ဦး ဖမ်းဆီးခံရပြီး ကားပြင်ရန် လာပို့ထားသည့် ကားများပါ သိမ်းဆည်းခံခဲ့ရသည်။