မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့ပေါ် ဆန်ဆိုင်း(က)ရပ်ကွက်တွင် တရားမဝင်အွန်လိုင်းလောင်းကစား နှင့် အွန်လိုင်း ငွေလိမ်သည့်အလုပ် လုပ်ကိုင်နေသူများကို ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ၏ ဒုတိယပတ်အတွင်းက ဖမ်းဆီးရမိကြောင်း စစ်ကောင်စီဘက်က ဖေဖော်ဝါရီလ(၁၄)ရက်နေ့ ညပိုင်းက သတင်း ထုတ်ပြန်လာသည်။
ဖမ်းဆီးခံရသူများတွင် ထိုင်းနိုင်ငံသား(၇)ဦးနှင့် မြန်မာနိုင်ငံသား (၂၂) ဦးပါဝင်ကြောင်း သိရသည်။
တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်အတွင်း ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးမှုအတွင်း ထိုင်းနိုင်ငံသားငှါးရမ်းထားသည့် အဆောက်အဦး၌ အွန်လိုင်းလောင်းကစား လုပ်ကိုင်သူ အမျိုးသား (၁၁)၎င်းဦးနှင့် အမျိုးသမီး (၅)ဦး၊ စုစုပေါင်း (၁၆) ဦးတို့ကို laptop ၆၁ လုံး၊ Desktop ၃၂၉ လုံး၊ System(CPU) ၉၀ လုံး၊ ဖုန်းမျိုးစုံ ၉၀ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းနောက် ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မနီးမဝေးရှိ သဇင်(၃)လမ်းရှိနေအိမ်ကိုဖေဖော်ဝါရီလ (၁၃)ရက်နေ့ အကူးပိုင်းအချိန်က စစ်ကောင်စီတပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးမှုအတွင်း ထိုင်းနိုင်ငံသား အမျိုးသား (၇)ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား (၁)ဦး၊ အမျိုးသမီး (၅)ဦး စုစုပေါင်း (၁၃) ဦးတို့အား ဖမ်းမိခြင်းဖြစ်သည်။
ယင်းတို့နှင့်အတူ ကွန်ပျူတာ (၅၀) လုံး၊ ဖုန်းမျိုးစုံ (၃၀၀) လုံး၊ ဘိန်းစာရွက်(အစို) ၁ ကီလိုခန့်စီပါ ၄ ထုပ်၊ ဘိန်းစာရွက်ပြုတ်ရည် တစ်လီတာပါ ၁၀ ဗူးနှင့် ချောင်းဆိုး ပျောက်ဆေးရည် ၃၀ ပုလင်းတို့ကိုဖသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရသည့် အွန်လိုင်းလောင်းကစားလုပ်ငန်းကို ချင်းမိုင်တွင် နေထိုင်သည့် ထိုင်းနိုင်ငံသား ဝယ်ဆန်နှင့် ဇနီးဖြစ်သူ ရန်ကျူးတို့က လုပ်ကိုင်ခြင်းဖြစ်ကြောင်း ထွက်ဆိုထားကြသည်ဟု သိရသည်။
တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်မှ နေ့စဉ်လာရောက်ကာ အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် လုပ်ကိုင်ကြသည့် ထိုင်းနိုင်ငံသားများနည်းတူ တရုတ်နိုင်ငံသားအများအပြားလည်း လုပ်ကိုင်နေကြခြင်းဖြစ်သည်။
Call center ငွေလိမ်ဂိုဏ်းများနှိမ်နှင်းရန် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်ကာ ဖိအားပေးမှုကြောင့် တာချီလိတ်ရှိ ဟိုတယ်ကြီးများအပါအဝင် အွန်လိုင်းလောင်းကစားဖွင့်ထားရာ နေရာများကို ဖမ်းမည့်အဖွဲ့က ကြိုတင်အသ်ိပေးထားကြောင်း သတင်းများထွက်လာပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးမှုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားလုပ်ငန်း ဖမ်းဆီးမှုများကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့ကတည်းက စတင်ရာ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ဆန်ဆိုင်းရပ်ကွက်အတွင်း၌ ပထမဆုံး ဖမ်းမိပြီးနောက် ကြားရက်များတွင် သိုသိုသိပ်သိပ် ဖမ်းဆီး သိမ်းဆည်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးသိမ်းဆည်းမှုများ မလုပ်ဆောင်မီ (၃)(၄)ရက် အလိုကတည်းက လစဉ်ကြေး ကောက်ခံနေသည့် တပ်နယ်မှ အရာရှိ အချို့နှင့် ရဲတပ်ဖွဲ့တို့က ကြိုတင်အသိပေး အကြောင်းကြားထားမှုကြောင့် ဟိုတယ်ကြီးများနှင့် ရပ်ကွက်အတွင်း ငါးဂိမ်းခုံများ အပါအဝင် အများစုမှာ ကြိုတင် ရှောင်ရှားနေကြကာ အချို့မှာ လူအနည်းငယ်ဖြင့် လုပ်ငန်း ဆက်လက် လုပ်ကိုင်နေရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency