တာချီလိတ်မြို့တွင် ညပိုင်း လမ်းဘေးဈေးသည်များကို တစ်နေရာတည်းတွင် စည်ပင်သာယာရေးဌာနက စုပြုံထားပြီး Mahar Golden Triangle ကုမ္ပဏီလက်သို့ အပ်ကာ ဈေးကောက် ကောက်စားခွင့်ပေးထားသည့် တာချီလိတ်ညဈေး(Tachileik Night Market)တွင် ဈေးသည်များ အရင်းပြုတ်နေကြသလို လူစည်းကားရန် ရည်ရွယ်ချက်ဖြင့် ထားသည့် ပင်လယ်ဓါးပြလည်း ပိတ်သိမ်းလိုက်ရကြောင်း သိရသည်။
"ပင်လယ်ဓါးပြကို (၂၄)ရက်နေ့က ပိတ်သိမ်းသွားတယ်။ လာတဲ့ လူမရှိလို့တဲ့။ ရေရှည်ဆို အဆင်မပြေတော့လို့ သိမ်းတာလို့ သိရတယ်။ တစ်နေ့ကို ဘတ်(၆,၀၀၀) ဂေါက်ကွင်းက လူတွေကို ပေးရတယ်လို့ ကြားတယ်။ လူကလည်း မျှော်မှန်းသလောက် မလာတဲ့အပြင် မီးစက်နဲ့ဆိုတော့ ရေရှည်အဆင်မပြေဘူးပေါ့"ဟု ဈေးသည်တစ်ဦးက Tachileik News Agency ကို မတ်လ(၂၆)ရက်နေ့တွင် ပြောသည်။
တာချီလိတ်ညဈေး၏ အခြေအနေမှာ စားသုံးသူ လာရောက်မှု နည်းပါးလာသည့်အတွက် အရင်းပြုတ်သွားသည့် ဈေးသည်အရေအတွက် တိုးပွားလာနေကြောင်း သိရသည်။
"တာချီလိတ်ညဈေးက အခုဆို ဈေးသည်တွေ တဖြေးဖြေး လျော့ပါးလာတယ်။ တခြားမှာ သွားဖွင့်ကြတာတော့ မဟုတ်ဘူးဗျ အရင်းပြုတ်ပြီး မဖွင့်နိုင်ကြတော့တာ။ အခြေအနေက အဲ့လိုတွေ လုံးပါး ပါးနေပြီ"ဟု ဈေးသည်တစ်ဦးကလည်း ပြောသည်။
ဈေးသည်များက ညဈေးနေရာတွင် ယခင် လမ်းဘေးတွင် ရောင်းသည့် အခြေအနေအတိုင်း ရောင်းကောင်းပါက ဈေးကောက်ကို တောင်းသလောက် ပေးနိုင်သော်လည်း ယခုအခါတွင် ဈေးဦးမပေါက်သည့်နေ့များပင် ရှိနေကြောင်း သိရသည်။
"အခုက ဈေးကောက် ကောက်တာ၊ မကောက်တာထက် ဈေးမရောင်းကောင်းတာ ပိုအခက်တွေ့နေတယ်။ ထိပ်ပိုင်းက ဈေးသည်တွေဆိုရင် ဈေးဦးမပေါက်တဲ့ နေ့တွေတောင်ရှိတယ်။ ကျွန်တော် အသိတချို့လည်း အရင်းပြုတ်လို့ လာမဖွင့်နိုင်ကြသေးဘူး။ ဒီနေရာက ဈေးသည်တွေအတွက် အရင်းပြုတ်ကပ်ဆိုက်တဲ့နေရာလို ဖြစ်နေတယ်။ ဘယ်လို လုပ်ရမလဲ မသိတော့ဘူး။ အလုပ်ကလည်း ဒီဈေးရောင်းတဲ့ အလုပ်ပဲ ရှိတာ။ တခြားအလုပ် လည်းအဆင်မပြေဘူး။ အရင်လို အဆင်ပြေတဲ့နေရာမျိုးမှာ ရောင်းရရင် အဆင်ပြေမှာပဲဗျာ"ဟု ဈေးသည်အမျိုးသားတစ်ဦးက ပြောဆိုသည်။
တာချီလိတ်ညဈေး(Tachileik Night Market)အား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို အထိမ်းအမှတ်အဖြစ် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၆)ရက်နေ့ဆိုလျှင် (၁)ကျော်လာပြီ ဖြစ်သည်။