အာဏာသိမ်းအဖွဲ့က တန့်ဆည်မြို့မှ NLD ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်

အာဏာသိမ်းအဖွဲ့က တန့်ဆည်မြို့မှ NLD ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်
နိုဝင်ဘာ 2, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့မှ NLD လွှတ်တော်ကိုယ်စားလှယ် (၂) ဦး၏ နေအိမ်များကို အာဏာသိမ်းအဖွဲ့က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် ထပ်မံချိတ်ပိတ်လိုက်သဖြင့် နေအိမ်ချိတ်ပိတ်ခံရသည့် ကိုယ်စားလှယ် (၃) ဦးရှိသွားပြီ ဖြစ်သည်။

 

အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ယနေ့ ညနေ (၄)နာရီဝန်းကျင်တွင် တန့်ဆည်မြို့မှ NLD ပါတီမှ ကိုယ်စားလှယ်များဖြစ်ကြသည့် တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းတို့၏ နေအိမ်များကို ချိတ်ပိတ်ကြောင်း ဗီနိုင်းအနီများ လာကပ်သွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က ယမန်နေ့ ည‌နေပိုင်းကလည်း NLD ပါတီမှ တိုင်းဒေသကြီးအမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၏နေအိမ်ကို ချိတ်ပိတ်ကြောင်း ဗီနိုင်းကပ်ထားခဲ့သည်။

အာဏာသိမ်းပြီး (၉)လကြာသည်အထိ လူထုလက်ခံမှုမရသည့် အာဏာသိမ်းအဖွဲ့က NLD ကိုယ်စားလှယ်များနှင့် ထောက်ခံသူများ၏ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်သိမ်းဆည်းခြင်းများကို အကြောင်းအမျိုးမျိုးပြ၍ လုပ်ဆောင်လာသည်ကို တွေ့ရသည်။

တန့်ဆည်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က ကာပေါင်းကျေးရွာတွင် တပ်စွဲထားပြီး လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ရွာတွင်းနေအိမ်များအား မီးရှို့ခြင်း၊ သံသယရှိသူများအား ဖမ်းဆီးခြင်းများကို လုပ်နေသည်ကိုလည်း တွေ့ရသည်။

ဆက်စပ်သတင်း