တာချီလိတ်မြို့တွင် မယ်ဆိုင်သို့ သွားရန် ယာယီလက်မှတ် ပြုလုပ်သည့် နေရာတွင် လဝက က အကြောင်းအမျိုးမျိုး ပြပြီး ဘတ်(၁၀၀)ကနေ ဘတ်(၃၀၀)အထိ တောင်းခံ

တာချီလိတ်မြို့တွင် မယ်ဆိုင်သို့ သွားရန် ယာယီလက်မှတ် ပြုလုပ်သည့် နေရာတွင် လဝက က အကြောင်းအမျိုးမျိုး ပြပြီး ဘတ်(၁၀၀)ကနေ ဘတ်(၃၀၀)အထိ တောင်းခံ
ဖေဖော်ဝါရီ 21, 2025 | ရှမ်းရှေ့| နယ်စပ်သတင်း

 ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ သွားရောက် လည်ပတ်ရန် နယ်စပ်ဖြတ်သန်း လက်မှတ်ပြုလုပ်ရသည့် တာချီလိတ်ဘက်တွင်  လဝက က အကြောင်းအမျိုးမျိုး ပြပြီး ငွေကြေးတောင်းခံမှုများကြောင့် မပေးချင်သော်လည်း ပေးနေရပြီး ငွေကြေးပေးမှသာ အဆင်ပြေစွာ လက်မှတ်ရရှိသည့် ဖြစ်စဉ်များ နေ့စဉ် ကြုံတွေ့နေရကြောင်း သိရသည်။

"တံတားကူးလက်မှတ် သွားလုပ်တော့ စမတ်ကတ် မရှိလို့ဆိုပြီး လဝက က ဘတ်(၁၀၀)တောင်းတယ်။ အဲ့ဒီအပြင် တခါမှ သွားလာဖူးခြင်း မရှိဘူးဆိုတော့ သူတို့ ကွန်ပျူတာထဲကို စာရင်းသွင်းရမှာမို့ စာရင်းသွင်းခ ဆိုပြီး ဘတ်(၁၀၀) ထပ်တောင်းတယ်။ အောက်မှာ ဘတ်(၂၀၀)ပေးခဲ့ရတယ်။ အပေါ်ရောက်တော့လည်း လက်မှတ် တံဆိပ်တုံးထုမဲ့အချိန်မှာ စမတ်ကတ်ပြခိုင်းတယ် စမတ်ကတ် မရှိလို့ဆိုပြီး ဘတ်(၁၀၀) ထပ်တောင်းတယ်။ အဲ့တော့ ဘတ်(၃၀၀)တောင် ကုန်သွားတယ်"ဟု အမျိုးသားတစ်ဦးက Tachileik News Agency သို့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့က ပြောသည်။

စမတ်ကတ်ရှိသော်လည်း မယ်ဆိုင်ဘက် တခါမှ မသွားဖူးသူများ အနေဖြင့် ကွန်ပျူတာတွင် စာရင်းထည့်သွင်းခဟုဆိုကာ ဘတ်(၁၀၀) တောင်းခံခြင်းများရှိနေသည်။

တစ်ကြိမ်မျှ မသွားဖူးသူများထံ  ယခင်က ဘတ်(၂၀)ကောက်ခံသော်လည်း ယခုအခါ ဘတ်(၁၀၀)ကောက်ခံခြင်းဖြစ်ပြီး ယင်းသို့ ကောက်ခံခြင်းမှာ တရားဝင် ကောက်ခံခိုင်းထားခြင်း မရှိဘဲ ၎င်းတို့၏ သဘောအရ ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

"တစ်ခါသုံး တံတားကူးလက်မှတ် လုပ်တဲ့နေရာမှာ တိုင်းရင်းသားတွေလဲ အများကြီးပဲ။  ဒီရက်ပိုင်း သတိထားမိတာက သွားနေကျဖြစ်တဲ့ တိုင်းရင်းသားတွေဆို လက်ထဲမှာက ဘတ်(၁၀၀)တန်အသင့်ကို ကိုင်ထားကြတာ တွေ့ရတယ်"ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

စမတ်ကတ်မရှိသူများကို အဆင်ပြေလွယ်ကူစွာ လုပ်ဆောင်ပေးရန် အထက်ဌာနများက ညွှန်ကြားထားသော်လည်း အောက်ခြေတွက် စမတ်ကတ်အကြောင်းပြပြီး ငွေကြေးကောက်ခံနေခြင်းလည်း ဖြစ်သည်။

တာချီလိတ်မှ မယ်ဆိုင်သို့ သွားရန်အတွက် နယ်စပ်ဖြတ်သန်းလက်မှတ်များအဖြစ် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass  - BP) နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Temporary Border Pass -TBP)တို့ရှိရာတွင် TBP သည် တစ်ခါသုံးဖြစ်ပြီး BP အမျိုးအစားမှာ တာချီလိတ်ခရိုင်အတွင်း အိမ်ထောင်စု စာရင်းဖြင့် နေထိုင်သူများအတွက်ဖြစ်ရာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP)၏ သက်တမ်းမှာ (၁)နှစ်ပြည့်မှ တခါပြန်လည် လဲရခြင်းဖြစ်ပြီး အဆိုပါ လက်မှတ်များဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်းသာ သွားရောက်နိုင်ခွင့်ရှိသည်။

များသောအားဖြင့်မှာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Temporary Border Pass -TBP)ပြုလုပ်ပြီး မယ်ဆိုင်သို့ ကျန်းမာရေးကိစ္စ အပါအဝင် အလည်အပတ်ကိစ္စများဖြင့် သွားလာသူများနေခြင်း ဖြစ်ပြီး နိုင်ငံ့အာဏာသိမ်းခံထားရသည့် ကာလအတွင်း တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားတွင် တာဝန်ကျသည့် လဝက ဝန်ထမ်းများသည် မသိမနားလည်သည့် တိုင်းရင်းသားများနှင့် နယ်ဝေးမှ လာသူများအပေါ် သတ်မှတ်ငွေကြေးထက် ပိုမိုတောင်းခံမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဒေသခံနှင့်ခရီးသွား ပြည်သူများ အဆင်ပြေချောမွေစွာ အလွယ်တကူ သွားလာနိုင်ရေး မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားတွင် လဝက ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှု အကောင်းဆုံးပေးရန် ညွှန်ကြားထားသော်လည်း လက်ရှိ အောက်ခြေတွင် ၎င်းတို့၏ သဘောအတိုင်း လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားတွင် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ရပ်ဝေးခရီးသွား ဧည့်သည်များအပေါ် ငွေကြေးကောက်ခံချင်းတိုင်း ကောက်ခံနေမှုများကို တာချီလိတ်ခရိုင်လဝက ၏ အထက်ဌာနဖြစ်သော ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အာဝန်ကြီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးကလည်း ကြပ်မတ် ထိန်းကွပ်ခြင်းမရှိဘဲ လစ်လျူရှုထား၍ ယခုလို အတင်းအဓမ္မငွေကြေးတောင်းခံမှုများနှင့်အတူ အဂတိလာဘ်စားမှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။