မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ကောင်စီ၏ အမတ ( ၃၁၈ ) တပ်ရင်းကို ရှော့တိုက်ဒုံးနှင့် SF-Z ဒရုန်း များဖြင့် တော်လှန်ရေးတပ်ပေါင်းစု ပစ်ခတ်တိုက်ခိုက်

မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ကောင်စီ၏ အမတ ( ၃၁၈ ) တပ်ရင်းကို ရှော့တိုက်ဒုံးနှင့် SF-Z ဒရုန်း များဖြင့် တော်လှန်ရေးတပ်ပေါင်းစု ပစ်ခတ်တိုက်ခိုက်
အောက်တိုဘာ 12, 2024 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ ပြည်သူလူထု၏နေအိမ်များအား လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည့် စစ်ကောင်စီ၏ အမတ (၃၁၈) တပ်ရင်းကို ရှော့တိုက်ဒုံးနှင့် SF-Z ဒရုန်း များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ယနေ့ ၂၀၂၄ခုနှစ်  အောက်တိုဘာလ (၁၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အမတ (၃၁၈) တပ်ရင်းအား တော်လှန်ရေးတပ်ပေါင်းစုမှ ရှော့တိုက်ဒုံးနှင့် SF-Z ဒရုန်း များဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၈) ရက်နေ့ နံနက် (၅) နာရီခွဲမှ စတင်ပြီး (၁၀) နာရီခွဲအထိ အချိန် (၅) နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် အမတ (၃၁၈) ရှိ လက်နက်ကြီးအထိုင်စခန်းနေရာ ထိခိုက်ပျက်စီးခဲ့ပြီး  လက်နက်တိုက်နှင့် အခြားအဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁) ဦး သေဆုံး၍ (၃)ဦး ဒဏ်ရာရရှိသည်ဟု ကနဦးသတင်းရရှိကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား မွန်ပြည်တော်လှန်ရေးတပ်-(MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်-(MSDF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး -(NMSP-AD)၊ Saw Dragon Drone Force – SDDF (ဒရုန်းအထူးတပ်ဖွဲ့)၊ Ye Air Force – (YAF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း (၁) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း (တပ်ခွဲ - ၂) ၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - KBDF (ဒေါနတပ်ခွဲ - ၄) ၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း - T5 နှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး - (DDPDF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo:Mon State Revolutionary Force - MSRF