တာချီလိတ်မြို့ရှိ ဟိုတယ်များတွင် ဖွင့်လှစ်ထားသည့် လောင်းကစားများကို ခေတ္တပြန်ပိတ်ထားရန် အကြောင်းကြားထား

တာချီလိတ်မြို့ရှိ ဟိုတယ်များတွင် ဖွင့်လှစ်ထားသည့် လောင်းကစားများကို ခေတ္တပြန်ပိတ်ထားရန် အကြောင်းကြားထား
ဖေဖော်ဝါရီ 20, 2025 | ရှမ်းရှေ့

 နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ၏ ဒုတိယပတ်အတွင်းက ဟိုတယ်နှင့်ရပ်ကွက်များရှိ လောင်းကစားလုပ်ငန်းများကို ဖမ်းဆီးရေးစီမံချက်ကြောင့် ပိတ်ခိုင်းထားရာမှ ဖမ်းဆီးမှုပြီး၍ ပြန်လည်ဖွင့်လာသော်လည်း ယနေ့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ပြန်လည် ပိတ်ခိုင်းထားကြောင်း သိရသည်။

"ဟိုတလောက တာချီလိတ်က လောင်းကစားတွေကို အဖမ်းပြဖို့ ဟိုတယ်က လောင်းကစားတွေနဲ့ ဂိမ်းခုံတွေကို ပိတ်ခိုင်းထားတာ။ သူတို့ ဖမ်းချင်တာရွေးဖမ်းပြီးလို့ ဟိုတယ်နဲ့လောင်းကစားတွေ ပြန်ဖွင့်ခွင့်ရကြတယ်။ ဒါပေမဲ့ ဒီနေ့တော့ ဘာကြောင့်လည်းမသိဘူး ခရိုင်ရဲက ဖုန်းဆက်ပြောလာတယ် ဟိုတယ်တွေက လောင်းကစားတွေလည်း ခဏပိတ်ထားပေးဖို့တဲ့"ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ပြောသည်။

တာချီလိတ်တွင် ဖေဖော်ဝါရီလ(၇)ရက်နေ့နှင့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တို့တွင် ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း ထိုင်းနိုင်ငံသားများ လာရောက်ဖွင့်လှစ်ထားသည့် အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာများကို ဖမ်းဆီးခဲ့သည်။

တာချီလိတ်မြို့တွင် လောင်းကစားဂိမ်းခုံများနှင့် ဟိုတယ်များရှိ လောင်းကစားလုပ်ငန်းများမှာ နယ်မြေခံတပ်နှင့်ရဲတပ်ဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ ဖွင့်ခွင့် ရရှိထားခြင်း ဖြစ်ပြီး ၎င်းတို့သည် လစဉ်ကြေး ရယူထားခြင်းကြောင့် လူကြီးခရီးစဉ် သို့မဟုတ် ဖမ်းဆီးရေး စီမံချက်ရှိလာပါက ဖုန်းဆက်အကြောင်းကြားပေးခြင်းများကြောင့် လောင်းကစား လုပ်ငန်းများမှာ ဖွင့်လိုက် ပိတ်လိုက် လုပ်နေကြရခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် ယခုလအတွင်း ရဲချုပ်ခရီးစဉ်ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။