တာချီလိတ်မြို့မီးလင်းရေးက လျှပ်စစ်မီး အချိန်ပိုင်း ခွဲဝေဖြန့်ဖြူးသည့် အချိန်ဇယား ထပ်မံကြေညာ

တာချီလိတ်မြို့မီးလင်းရေးက လျှပ်စစ်မီး အချိန်ပိုင်း ခွဲဝေဖြန့်ဖြူးသည့် အချိန်ဇယား ထပ်မံကြေညာ
ဖေဖော်ဝါရီ 20, 2025 | ရှမ်းရှေ့

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးနှင့် ပတ်သက်ပြီး မီးလင်းရေးရုံး(၂)ရုံးအနက်  မြို့မီးလင်းရေးဦးဆောင်ကော်မတီရုံးဘက်က ပေးနေသည့် လျှပ်စစ်ဓါတ်အားများကို  တစ်နေ့လျှင် (၆)နာရီနှုန်းဖြင့် အပိုင်း(၄)ပိုင်း သတ်မှတ်ပြီး အလှည့်ကျ လျှပ်စစ်ဓါတ်အား ပို့လွှတ်သွားမည်ဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီရုံးက ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ထပ်မံ အသိပေးကြေညာလာသည်။

 မြို့မီးလင်းရေးဦးဆောင်ကော်မတီရုံး၏ အချိန်ဇယား

 မြို့မီးလင်းရေးဦးဆောင်ကော်မတီရုံး၏ သတ်မှတ်ဇယားတွင် အချိန်များ သတ်မှတ်ဖော်ပြထားသော်လည်း အချိန်ခွဲ၍ ပို့လွှတ်ချိန်တွင်  ထရန်စဖော်မာ တစ်လုံးချင်းစီ တဆင့်ချင်း ချိတ်ဆက်ရသည့်အတွက် သတ်မှတ်အချိန်ထက် အနည်းငယ်နောက်ကျမှုများ ရှိနိုင်သည်ဟုလည်း အသိပေးထားသည်။

မြို့မီးလင်းရေးကော်မတီရုံးခွဲအနေဖြင့် ဖေဖော်ဝါရီလ(၁၉)ရက်နေ့က အသိပေးကြေညာထားသည့် ဇယားအတိုင်း အပြောင်းအလဲမရှိကြောင်း သိရသည်။

မြို့မီးလင်းရေးကော်မတီရုံးခွဲ၏ အချိန်ဇယား

လတ်တလောအခြေအနေများအရ လျှပ်စစ်မီးကို အချိန်ပိုင်းခွဲဝေပေးမှုမှာ အချိန်နောက်ကျမှုများ နှင့် မီးပျက်ချိန် ကြာမြင့်မှုများကြောင့် လျှပ်စစ်မီး အသုံးပြုသူများမှာလည်း လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများလည်း မြင့်တက်နေသည်ကို တွေ့ရသည်။ 

တာချီလိတ်မြို့မီးလင်းရေးက ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အား ဖြတ်တောက်ခံထားရမှုကြောင့် လာအိုနိုင်ငံကနေ ဝယ်ယူထားသည့် လျှပ်စစ်ဓါတ်အား (၁၃)မဂ္ဂါဝပ်ကို ပြန်လည်ဖြန့်ဖြူးနေခြင်း ဖြစ်သည်။

လာအိုဘက်က ပေးထားသည့် (၁၃)မဂ္ဂါဝပ်ကို မြို့မီးလင်းရေးဦးဆောင်ကော်မတီက (၅)မဂ္ဂါဝပ်၊ မြို့မီးလင်းရေးကော်မတီရုံးခွဲက (၈)မဂ္ဂါဝပ် ခွဲတမ်းရယူပြီး အချိန်ပိုင်းခွဲ၍ ပို့လွှတ်နေခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် လာအိုဘက်က ရရှိထားသည့် (၁၃)မဂ္ဂါဝပ်အပြင် (၃၀)မဂ္ဂါဝပ်အထိ ထိပ်တိုး ရရှိရန် မီးလင်းရေးဦးဆောင်ကော်မအတီက လာအိုဘက် တာဝန်ရှိသူများနှင့် ညှိနှိုင်းတင်ပြထားဆဲဖြစ်ပြီး (၃၀)မဂ္ဂါဝပ်အထိ သုံးစွဲခွင့်ရရှိလာပါက ယခင်လို (၂၄)နာရီ ပုံမှန်အတိုင်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။