မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ကျားဖြန့်ဂိုဏ်းများနှင့် ဆက်စပ်ပြီး ကျေးရွာအထိ တိမ်းရှောင်နေထိုင်နေသည်ဟု ယူဆရသည့် နိုင်ငံခြားသား (၆)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိကြောင်း သိရသည်။
တာချီလိတ်မြို့တွင်းနှင့် (၃၆)ကီလိုမီတာကျော် ဝေးသည့် မိုင်းဟဲကျေးရွာအုပ်စု ပန်နယ်ကျေးရွာရှိ နေအိမ်ခြံဝန်းအတွင်း၌ တရုတ်နိုင်ငံသား (၂)ဦး နှင့် ထိုင်းနိုင်ငံသား (၄)ဦးတို့ကို ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေရာမှ နိုင်ငံခြားသား (၆)ဦးအပြင် သေနတ်မျိုးစုံ (၅)လက်၊ ကျည်မျိုးစုံ အတောင့်(၂,၅၀၀)ကျော် အပါအဝင် မူးယစ်ဆေးဝါးများဖြစ်သည့် အက်တက်စီဆေးပြား (၆၀၀)ကျော်၊ Happy Water (၄၀၀)ဂရမ်ဝန်းကျင်၊ စိတ်ကြွရူးသွပ်ဆေးပြား (၁,၅၀၀)ကျော်လည်း တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။
"တာချီလိတ်မြို့တွင်း ကျားဖြန့်နှိမ်နင်းရေးအတွက် တပ်ဘက်ကရယ်၊ ပြည်သူ့စစ်ရယ်၊ ရဲတပ်ဖွဲ့ရယ် ပေါင်းပြီး အဖွဲ့(၇)ဖွဲ့ခွဲပြီးတော့ လှုပ်ရှားနေတာပါ၊ အခု လက်နက်နဲ့တွေနဲ့အတူ မိထားတဲ့ ထိုင်း(၄)ဦး နဲ့ တရုတ်(၂)ဦးကိုတော့ စရတ(စရဖ)စခန်းမှာ စစ်ကြောရေး လုပ်နေဆဲပါ။"ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ၏ ဒုတိယပတ်နှင့်တတိယပတ်အတွင်းကလည်း ဆန်ဆိုင်း(က)ရပ်ကွက်တစ်ခုတည်းမှ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာ အချို့ကို ဖမ်းဆီးရာတွင်လည်း ထိုင်းနိုင်ငံသား(၇)ဦး ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။