အကျဉ်းသား ၅၈၆၄ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေး 

အကျဉ်းသား ၅၈၆၄ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေး 

စစ်ကောင်စီက ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အကျဉ်းသား၊ အကျဉ်းသူ (၅၈၆၄)ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးပြီး ထောင်ဒဏ် တစ်သက်ကျခံနေရ သူ(၁၄၄)ဦးကို (၁၅)နှစ်ထောင်ဒဏ်သို့ ပြောင်းလဲလိုက်သည်ဟု ထုတ်ပြန်ကြေညာသည်။ 

မြန်မာနိုင်ငံအတွင်း အကျဉ်းကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ (၁၈၀)ဦးကိုလည်း ပြည်နှင်ဒဏ်ပေးလိုက်သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေအရ ပြစ်မှုများ၊ ပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက် ယာယီပြင်ဆင်ချက် အက်ဥပဒေအရ လည်းကောင်း၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ် လက်နက် အမိန့်အရပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများ၊ အာဂတိလိုက်စားမှု ဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲ ဥပဒေအရပ်ရပ်မှ ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်းပြီး ပြစ်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင် အချုပ်ထောင် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူများကို ရာဇဝတ်ကျင့်ထုံးအရ ကျခံရန် ကျန်ရှိသည့် (၆) ပုံ (၁) ပုံ လွတ်ငြိမ်းသက်သာခွင့်ပြုသည်ဟုလည်း ဆိုသည်။

#TachileikNewsAgency

#TNA_MAT

Photo:အင်းစိန်ထောင်ရှေ့မှမြင်ကွင်း