နွားထိုးကြီးမြို့ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များဝင်တိုက်

နွားထိုးကြီးမြို့ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များဝင်တိုက်

မန္တလေးတိုင်း နွားထိုးကြီးမြို့ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့က ဝင်ရောက်တိုက်ခိုက်ကာ နေရာတချို့ကို ထိန်းချုပ်ထားကြောင်း သိရသည်။ 

တော်လှန်ရေးတပ်များသည် နွားထိုးကြီးမြို့အတွင်းရှိ စစ်ကောင်စီတပ်ကို ဝင်တိုက်ရာ စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် ပြန်လည်ပစ်ခတ်ခြင်းကြောင့် KBZ ဘဏ်၊ စိုက်ပျိုးရေးဘဏ်၊ လျှပ်စစ်ရုံး၊အခွန်ရုံးတို့ မီးလောင်ကာ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ ကို သိမ်းနိုင်ခဲ့သည်ဟု သိရသည်။

နွားထိုးကြီးမြို့ပေါ်တွင် စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီး (၁၀၀)ဦးကျော်ရှိပြီး တိုက်ခိုက်မှုအတွင်း အထိနာသည့် စစ်ကောင်စီတပ်သည် လေယာဉ်(၂)စင်းဖြင့် ဗုံးကြဲခြင်းဖြစ်ကြောင်း သိရသည်။ 

"လက်ရှိတော့ လက်နက်တချို့သိမ်းဆည်းရရှိထားတယ်။ ရှမ်းမန်းစစ်ဆင်ရေးကို အထောက်အကူပြုစေတဲ့ ထနောင်းမြေစစ်ဆင်ရေးပါ။"ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက Tachileik News Agency ကို ပြောသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် တစ်ဦး ကျဆုံးပြီး (၂)ဦးဒဏ်ရာရရှိကြောင်း သိရသည်။ 

Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းနှင့် မြင်းခြံခရိုင်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ LPDF ၊ ပကဖပူးပေါင်းတပ်ဖွဲ့ဝင်များသည် သြဂုတ်လ (၁၀)ရက်နေ့ကစပြီး မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)အဖြစ် နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့နယ်များတွင် တိုက်ပွဲများဖော်ဆောင်လျက်ရှိပြီး ထိုစစ်ဆင်ရေးကာလအတွင်း မြင်းခြံ - နွားထိုးကြီးလမ်းပိုင်းနှင့် မြင်းခြံ -တောင်သာလမ်းပိုင်းများအား လတ်တလော ဖြတ်သန်းသွားလာခြင်း မပြုကြရန် ပြည်သူများအား ယနေ့ ဩဂုတ်လ(၁၁)ရက်နေ့တွင်

အထူးမေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: CJ