ပဲခူးတိုင်း ဖြူးမြို့နယ် မျက်နီကွင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျကာ အရပ်သားနှစ်ဦး သေဆုံးသည်ဟု သိရသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၅၀၂)တို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားသည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားနေချိန် ဇရပ်ကြီးမြို့အခြေစိုက် ခလရ(၇၃)မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ရာ ထန်းကုန်းကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား (၂)ဦးမှာ နေရာတွင် သေဆုံးခဲ့ရပြီး အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦးမှာလည်း ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိသွားသည်ဟု တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေပြီး သရက်ကုန်း၊ မျက်နီကွင်း၊ ကံကလေး၊ နှောခင်ကျေးရွာများမှ အရပ်သားများ၊ နေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိနေသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ကျေးရွာများကို မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး ဒီဇင်ဘာလ (၂၂)ရက်နေ့က စစ်ကောင်စီ၏ e VTOL အမျိုးအစား ဒရုန်းတစ်စီးကို စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးတစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo: တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ