နယ်ခြားစောင့်တပ်(BGF) ၁၀၁၃ တပ်ရင်း KNLA နှင့် ပူးပေါင်း

နယ်ခြားစောင့်တပ်(BGF) ၁၀၁၃ တပ်ရင်း KNLA နှင့် ပူးပေါင်း

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) ၁၀၁၃ တပ်ရင်းသည် KNLA နှင့် ပူးပေါင်းလိုက်ပြီဟု စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

ယခင်က KNU တပ်မဟာ(၅)ဂွင်ရှိ စခန်းသိမ်းတိုက်ပွဲများတွင် ကိုယ်တိုင်မပါဝင်ခဲ့သော်လည်း စစ်ရေးသတင်းများပေးရာက ယခုတွင် KNU နှင့် ပူးပေါင်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“၁၀၁၃ က နဂိုကတည်းက ဖရဲသီးလို ပုံစံပါ။ KNU တပ်မဟာ(၅)ဂွင် စကစ စခန်းသိမ်းပွဲတိုင်း သူတို့ဝင်မပါ လက်ရှောင်လေ့ ရှိပါတယ်။ ကျဆုံး၊ ပြေး၊ ရှောင်တွေထဲမှာလည်း BGF ၁၀၁၃ မတွေ့ရ မရှိပါဘူး။ အခုက မျက်နှာဖုံးကွာကျ ပေါ်တင်မြေပြင်မှာ KNU နဲ့ ပူးပေါင်းသွားတာပါ။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

၁၀၁၃ တပ်ရင်းသည် အင်အားမည်မျှဖြင့် ပူးပေါင်းလာသည်ကို စစ်ရေးသတင်းအရင်းအမြစ်က ထုတ်ဖော်ပြော ကြားခြင်းမရှိသော်လည်း KNU တပ်မဟာ(၁)၊ တပ်မဟာ(၅)နှင့် PDF ပူးပေါင်းတပ်များ၏ စစ်ကောင်စီတပ်စခန်းများထိုးစစ်တွင် ၁၀၁၃ တပ်ရင်းလည်း ပါဝင်လာတော့မည်ဟု သူကဆိုသည်။

“စကစရဲ့ တချို့ စစ်ရေးကိစ္စတွေဟာလည်း သူတို့ကျေးဇူးကြောင့်သာ ကြိုတင်သိရတာ။ အလင်းဝင်တာ မဟုတ်ပါဘူး။ နဂိုကတည်းက KNU နဲ့ အချိတ်အဆက်ရှိတာ။ အခုမှ ပေါ်တင်ပူးပေါင်း တိုက်ပွဲဝင်လိုက်တာ။”ဟု သူက ဆက်ပြောသည်။

BGF ၁၀၁၃ တပ်ရင်းကို ဗိုလ်လှကြိုင်က ဦးစီးပြီး BGF ဗိုလ်မောင်ချစ် လက်အောက်က တပ်ရင်းဖြစ်ပြီး ဖာပွန်မြို့နယ် ဒွဲ့လိုးအခြေစိုက်ဖြစ်သည်ဟုလည်း သိရသည်။ 

“လက်ရှိတော့ စကစ လေယာဥ် အတော်များများ သုံးနေပါတယ်။ တပ်မဟာ(၁)၊ (၅)နဲ့ PDF က နဂိုကတည်းက ပူးပေါင်းစစ်ကြောင်း။ အခုပွဲက BGF ကပါ ထပ်တိုးပူးပေါင်းကာ ပြည်သူ့ဘက်ပါလာတာ။”ဟုလည်း သူက ဆက်ရှင်းပြသည်။

ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကတိုင်တိစစ်ဗျူဟာ(၁)ကို KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်ရာတွင်လည်း တပ်ရင်းမှူး စောလှကြိုင် ဦးစီးသော BGF တပ်ရင်း ၁၀၁၃ တပ်က ပါဝင်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

ဖာပွန်ဒေသတွင် BGF တပ်ရင်း နှစ်ရင်းရှိပြီး လက်ရှိတွင် BGF တပ်ရင်း ၁၀၁၃ တပ်ရင်းမှာ တော်လှန်ရေးတပ်များဘက်ကို ရောက်ရှိလာခြင်းဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

Photo: BGF တပ်ဖွဲ့ဝင်များ (ပုံဟောင်း)