တနင်္သာရီမြို့နယ်ရှိ အမှတ် ၅၅၈ စစ်ကောင်စီတပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက် 

တနင်္သာရီမြို့နယ်ရှိ အမှတ် ၅၅၈ စစ်ကောင်စီတပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက် 

တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ အမှတ်(၅၅၈) ခြေမြန်တပ်ရင်းကို KNLAနှင့် ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် မောင်းသူမဲ့ဒရုန်းအဖွဲ့ Dragon Squadနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့သည် ယင်းနေ့ နံနက်(၁၁)နာရီတွင် တစ်ကြိမ်၊ ညနေ(၃)နာရီခွဲတွင်တစ်ကြိမ် မောင်းသူမဲ့ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်မှုရှိနိုင်ပြီး တနင်္သာရီမြို့နယ်အတွင်းနေထိုင်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် တော်လှန်ရေးမဟာမိတ်အဖွဲ့များ ထုတ်ပြန်ထားသည့် စစ်ရေးဆိုင်ရာ အသိပေးချက်များအတိုင်း လိုက်နာပေးကြရန်လည်း တနင်္သာရီတိုင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ အောက်တိုဘာလ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ပြည်ထောင်စုလမ်းပေါ်တွင် ညအချိန် ခရီးသွားလာခြင်းများအပြင် စစ်ကောင်စီနှင့် နီးကပ်စွာနေထိုင်ခြင်း၊ သွားလာခြင်း မပြုကြရန်နှင့် နေ့အချိန် ကားဖြင့်သွားလာပါက ကားမှန်ချပြီး ခရီးသွားလာကြရန်လည်း ထပ်မံအသိပေးထုတ်ပြန်ထားသည်။

၎င်းစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၁၁)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တပ်များဖြစ်သည့် မောင်းသူမဲ့ဒရုန်းတပ်ဖွဲ့ (Dragon Squad)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း(၂)၏ တပ်ခွဲ(၂)၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency