မောင်တောခရိုင် နယ်ခြားစောင့်စခန်းမှ အလင်းဝင်လာသည့် ရဲတပ်သား နှစ်ဦး Generation Z Army တွင် တာဝန်ထမ်းဆောင်မည်

မောင်တောခရိုင် နယ်ခြားစောင့်စခန်းမှ အလင်းဝင်လာသည့် ရဲတပ်သား နှစ်ဦး Generation Z Army တွင် တာဝန်ထမ်းဆောင်မည်

ရခိုင်ပြည်နယ် မောင်တောခရိုင် နယ်ခြားစောင့်စခန်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသည့် ရဲတပ်သား နှစ်ဦးသည် Generation Z Army တွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲတပ်သားနှစ်ဦးသည် ၂၀၂၄ ခုနှစ် မေလ (၁၀)ရက်နေ့တွင် မောင်တောခရိုင် နယ်ခြားစောင့်စခန်းမှ Generation Z Army ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) ၏ ကူညီပေးမှုဖြင့် ဇူလိုင်လ (၇) ရက်နေ့တွင် Generation Z Army၏ အညာစစ်ဒေသသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

“ဇူလိုင်လ (၇) ရက်နေ့မှာ ကျနော်တို့ စစ်ဒေသကိုရောက်ပါတယ်၊ လမ်းခရီးကဝေးတဲ့အတွက် တစ်ဆင့်တစ်ဆင့်နဲ့ ခက်ခက်ခဲခဲ ခေါ်ဆောင်ရတဲ့အတွက်ပါ” ဟု Generation Z Army မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

ရဲတပ်သားနှစ်ဦးသည် G3 တစ်လက် ၊ MA 11 တစ်လက် ၊ ကျည် (၂၀၀)နှင့်အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်အား Generation Z Army တပ်တော်နှင့် ပူးပေါင်း၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား တစ်ဦးလျှင် ငွေကျပ်သိန်း (၂၀)စီ ဆုချီးမြှင့်သွားမည်ဖြစ်ပြီး လိုအပ်သောအကူအညီများ ပေးသွားမည်ဖြစ်ကြောင်း Generation Z Army မှ ဆိုသည်။

ရခိုင်ပြည်နယ်တွင်သာမက မြန်မာနိုင်ငံအတွင်း မည်သည့်တပ်စခန်းကမဆို အလင်းဝင်ရောက်မည်ဆိုပါက လက်ခံကြိုဆိုသွားမည်ဖြစ်ပြီး လုံခြုံစိတ်ချမှုရှိအောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း Generation Z Army မှ အသိပေးထားသည်။

#TachileikNewsAgency