မိုးဇလက ယနေ့ မတ်လ(၂၂)ရက်နေ့တွင် မုန်တိုင်းအခြေအနေကို အနီအဆင့် သတ်မှတ်

မိုးဇလက ယနေ့ မတ်လ(၂၂)ရက်နေ့တွင် မုန်တိုင်းအခြေအနေကို အနီအဆင့် သတ်မှတ်

အားကောင်းသောမုန်တိုင်းငယ်အခြေအနေ၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အနီအဆင့် သတ်မှတ်လိုက်ကြောင်း ယနေ့ ၂၀၂၂ခုနှစ်၊ မတ်လ(၂၂)ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၅)နာရီအချိန်က သတင်းထုတ်ပြန်လာသည်။

အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည်  မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး ကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

မိုးဇလမှ ထုတ်ပြန်ထားသည့် မုန်တိုင်းနှင့်ပတ်သက်၍ မူရင်းအတိုင်း ပြန်လည်ဖော်ပြလိုက်ပါသည်။

(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

-----------------------------------------------

(၁) ယနေ့မြန်မာစံတော်ချိန်(၀၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင်  ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အရှေ့မြောက်ဘက် ရေမိုင်(၄၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၉၀)မိုင်ခန့်၊ ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၄၀)မိုင်ခန့်၊ ဂွမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၉၀)မိုင်ခန့်၊ ရန်ကုန်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ မြောက်-အရှေ့‌မြောက်ဘက် ရေမိုင်(၁၈၅)မိုင်ခန့်နှင့်  မာယာဘန်ဒါမြို့(Mayabundar)၏ အရှေ့‌မြောက်ဘက် ရေမိုင်(၁၁၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည်  မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး ကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

-----------------------------------------------------------------------

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန်(၀၃:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၄.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၉၄.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

(ဂ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

-----------------------------------------

အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ယနေ့နေ့လယ်ပိုင်းတွင်  ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး၊ တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

(ဃ) သတိပေးနှိုးဆော်ချက်

---------------------------

(၁) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့် ယနေ့နံနက်မှ (၂၃.၃.၂၀၂၂)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက် ၍ မိုးကြီးနိုင်ပါသည်။ 

(၂) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်ပါသည်။ 

(၃) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည်ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီးသို့ ရောက်ရှိနိုင်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်ခန့်အထိ  တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(၄) မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊လပွတ္တာခရိုင်၊မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း(၈)ပေမှ (၁၂)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းရပါသည်။

(င) အကြံပြုချက်

--------------------

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်းဒေသများတွင် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။