စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဗိုလ်သံမဏိ ဦးဆောင်သည့် YMB PDF နှင့် ၎င်း၏သစ္စာခံ တပ်ရင်း၊ တပ်ဖွဲ့များသည် ပြည်သူ့ကာကွယ်တပ်သားများနှင့် ပြည်သူစုစုပေါင်း(၂၁)ဦးကို သတ်ဖြတ်ခဲ့ကြောင်း Union Defence & Liberation Alliance က ယနေ့မတ်လ(၁၄)ရက်တွင် ထုတ်ပြန်လာသည်။
အဆိုပါ ဗိုလ်သံမဏိ ဦးဆောင်သည့် YMB PDF အဖွဲ့သည် ဒေသခံပြည်သူလူထုကို ခြိမ်းခြောက်၊ နှိပ်စက်၊ ဖမ်းဆီး၊ လုယက်၊ သတ်ဖြတ်လျှက်ရှိပြီး အတည်ပြုနိုင်သော သတ်ဖြတ်မှုများမှာ (၅) မှုရှိကြောင်း ထုတ်ပြန်သည်။
၎င်းတို့မှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ (၂၇)ရက်က ဇီးတောမြောက်ရွာ၌ ပြည်သူ (၄)ဦး၊ နိုဝင်ဘာလ(၂၆)ရက်တွင် လာပို့ရွာ၌ ပြည်သူ (၄)ဦး၊ ဒေသကာကွယ်ရေးခေါင်းဆောင် (၁)ဦးနှင့် ကာ ကွယ်ရေးတပ်သား (၅)ဦး၊ ---ရွာ၌ ပြည်သူ (၁)ဦး၊ ယခုနှစ် ဇန်န ဝါရီလ(၂၇)ရက်က မင်းကင်းမြို့နယ်၌ ထောက်ပို့ခေါင်းဆောင် (၁)ဦး၊ မတ်လ(၂)ရက်က ချင်းပုန်းရွာ၌ ပြည်သူ (၃)ဦးနှင့် ကာ ကွယ်ရေးတပ်သား (၂) ဦး၊ စုစုပေါင်း (၂၁)ဦးကို သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။
အရပ်ဖက် စုံစမ်းစစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သည်ဟု အဓိက သံသယရှိသူများမှာ ဗိုလ်သံမဏိ (ခေါ် )သပြေအေးဆရာတော် (တည်ထောင်သူ၊ နာယက)၊ ဗိုလ်ဦး(ခေါ်) ဗိုလ်ထွဋ်ခေါင်(စစ်ဒေသမှူး)၊ ဦးအောင်(ခေါ်)ဦးအောင်မြတ်သူ(နယ်မြေစည်းရုံးရေးတာဝန်ခံ)၊ ဗိုလ်ဂဠုန်(ခေါ်)ညွန့်ဝင်း(တပ်ရင်း (၂) တပ်ရင်းမှူး)၊ ကိုမြင့်ကြိုင်(တပ်ရင်း (၃) တပ်ရင်းမှူး)၊ ဆရာစံ(ခေါ်) ဆရာစံလင်းကျော် (တပ်ရင်း (၄) တပ််ရင်းမှူး)၊ ဗိုလ်ဇီးရိုး(ခေါ်) ကျော်သူ(တပ်ရင်း (၁) တပ်ခွဲမှူး)၊ ဗိုလ်ဘုဏ်းထက်(ခေါ် )တိုက်ကောင်း (တပ်ရင်း (၃) တပ်ခွဲမှူး)၊ မင်းသူအောင်(တပ်ရင်း (၃) တပ်စုမှူး)၊ ဇော်လတ်(တပ်ရင်း (၃) တပ်စုမှူး)၊ မောင်ဦး(တပ်ရင်း (၃) တပ်စုမှူး)၊ ရဲလေး(တပ်ရင်း (၃) တပ်သား)၊ ကိုစိန်ခိုင်(ထောက်ပို့)တို့ ပါဝင်ကြောင်း သိရသည်။
ဗိုလ်သံမဏိ ဦးဆောင်သော YMB PDF နှင့် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များသည် မြေပြင်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် အမှန်တကယ် တိုက်ပွဲမဖော်ဆောင်သော်လည်း အခြေအနေအရပ်ရပ်ကြောင့် ချေမှုန်းရေးသေနတ် အလက် (၂၀၀) ကျော် ရရှိထား ကြောင်း သိရသည်။
၎င်းလက်နက်များကို အားကိုးကာ ယင်းမာပင်ခရိုင်နှင့် ထိစပ်နယ် မြေများတွင် အပြစ်မဲ့ပြည်သူလူထုကို အနိုင်ကျင့်၊ ဖမ်းဆီး၊ ပြန်ပေးဆွဲ၊ သတ်ဖြတ်နေပြီး ထပ်မံကျူးလွန်ရန် ခြိမ်းခြောက်နေသဖြင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဒါ့အပြင် ပြစ်မှုကျူးလွန်သည်ဟု အဓိက သံသယ ရှိသူများအနေဖြင့် နီးစပ်ရာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွင် လက်နက်ချ အညံ့ခံပေးပြီး မျှတသောတရားစီရင်မှု အကောင်အထည်ဖော်နိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက တောင်းဆိုထားသည်။
Union Defence & Liberation Alliance သည် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၆၃)ဖွဲ့ပူးပေါင်းထားသည့် မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်သည်။