အင်အားနည်းလာသည့် စစ်ကောင်စီတပ်က ကိုကိုးကျွန်းရှိ စစ်ကောင်စီတပ်အင်အား (၂၀၀)ဝန်းကျင်ကို ရန်ကုန်သို့ ပြောင်းရွှေ့

အင်အားနည်းလာသည့် စစ်ကောင်စီတပ်က ကိုကိုးကျွန်းရှိ စစ်ကောင်စီတပ်အင်အား (၂၀၀)ဝန်းကျင်ကို ရန်ကုန်သို့ ပြောင်းရွှေ့
ဇန်နဝါရီ 17, 2022 | အခြားဒေသများ

ရန်ကုန်နှင့်အခြားဒေသများသို့ ဖြန့်ကျက်ချထားရန်အတွက် ကိုကိုးကျွန်းတွင် တာဝန်ကျ‌နေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား(၂၀၀)ဝန်းကျင်ကို ယနေ့ ဇန်နဝါရီလ(၁၇)ရက်၊ နေ့လည်ပိုင်းတွင် သီလဝါဆိပ်ကမ်းသို့ ပြောင်းရွေ့လာကြောင်း ဒေသခံများက အတည်ပြုသည့်အပြင် သန်လျင်အင်ဖော်မေးရှင်းကလည်း သတင်းထုတ်ပြန်ထားသည်။



အဆိုပါ အင်အားများကို  သီလဝါဆိပ်ကမ်းမှ Express ယာဉ် (၅)စီးခန့်‌ဖြင့် သယ်ယူပို့ဆောင်သွားရန် စီစဉ်ထားပြီး  အင်အား(၅၀)ဝန်းကျင်ဖြင့် လုံခြုံရေးယူထားကြောင်းလည်း သိရသည်။ 

ဧရိယာ ၂၈.၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် ကိုကိုးကျွန်းသည် ရန်ကုန်တိုင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း၌ ပါဝင်ပြီး လူဦးရေအနည်းငယ်သာ နေထိုင်သည့် မြို့ဖြစ်သလို စစ်အာဏာရှင်ဆန့်ကျင်သူ မရှိသလောက်ဖြစ်သည့်အတွက် အဆိုပါ ကျွန်းမှ စစ်ကောင်စီတပ်အင်အားများကို ရန်ကုန် နှင့် အခြားဒေသများသို့ ပို့ဆောင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်း အနှံ့ပြားတွင် ကုန်းကြောင်းစစ်ရေးထိုးနေသည့် စစ်ကောင်စီတပ်များသည် မြေပြင်တွင် ဒေသကာကွယ်ရေးအဖွဲ့များ၏ ပြောက်ကျားနည်းဖြင့် မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် သေဆုံးမှု များပြားနေသော်လည်း စစ်ကောင်စီတပ်က သေဆုံးမှု စာရင်းများကို ထုတ်ပြန်ခြင်း မရှိသလို ကုန်းကြောင်းစစ်ရေးထိုးမှုအစား လေကြောင်းစစ်ရေးထိုးမှုကို အဓိက ထား လုပ်ဆောင်လာနေသည်ကိုလည်း တွေ့ရသည်။