ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် စစ်ကောင်စီ၏ စခန်းအားလုံး ဆုံးရှုံးထားပြီးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ဌာနချုပ်တစ်ခုသာ ကျန်တော့သည်ဟု အာရက္ခတပ်တော်(AA)က ဒီဇင်ဘာလ (၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှ စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်းကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် တပ်စွဲစခန်းချ စခန်းပေါင်း(၃၀)ကျော်ရှိသည့်အနက် ဌာနချုပ်တစ်ခုသာ သိမ်းရန်ကျန်တော့သည်ဟု ဆိုသည်။
"အမ်းမြို့၏ နောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။"ဟု AA ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။
စစ်ကောင်စီ၏ အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊ အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပိုဆောင်ရေးတပ်ခွဲ၊ အမှတ် (၉)ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ၊ အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ လေဆိပ်အနီး၊ အတွင်း၊ ပတ်ဝန်းကျင်များမှ ခုခံတိုက်ခိုက်နေသော စခန်းငယ်များကို AA က သိမ်းပိုက်ထားပြီးသည့်အပြင် ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဖမ်းဆီးရမိထားသည်ဟု သိရသည်။
စစ်ကောင်စီက ရခိုင်ရိုးမဘက်မှ ရဟတ်ယာဉ်များဖြင့် စစ်ကူ အကြိမ်ကြိမ်ပို့ဆောင်ပြီး အင်အားဖြည့်တင်းရန် ကြိုးစားသော်လည်း ဖြတ်တောက် ပိတ်ဆို့ထားနိုင်ခဲ့ခြင်းကြောင့် သုံးရက်အတွင်း စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး ပြုတ်သွားသည်ဟု ဆိုသည်။
အမ်းမြို့သို စစ်ကူပေးသည့် ခမရ (၃၁၇)၊ ခမရ (၄၁၅)၊ ခမရ (၄၁၆) တပ်ရင်းသုံးရင်းမှ အင်အား (၁၃၀)ခန့်ပါဝင်သည့် တပ်မ(၈၈) လက်အောက်ခံ၊ နည်းဗျူဟာတစ်ခုအား နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ရိုးတောင်လမ်းမ၌ ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
သုံးရက်နီးပါး ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှုအပြီး နိုဝင်ဘာလ (၃၀)ရက်နေ့တွင် စစ်ကောင်စီတပ်သား အလောင်း (၁၀၀ )ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ စစ်သုံ့ပန်းအချို့ကိုလည်းဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ဂွမြို့နယ်ဘက်တွင်လည်း စစ်ကူတက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုကို နိုဝင်ဘာလ (၂၄)ရက်နေ့က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအလောင်း (၁၂၀)ကျော်၊ စစ်သုံ့ပန်းအချို့နှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိသည်ဟု သိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းတွင် အင်အား (၁၈၄)ဦး ပါဝင်ပြီး ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈)တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁)တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃)တပ်ရင်းနှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂)တပ်ရင်းတို့မှ ဖြစ်သည်ဟု သိရသည်။
AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူ၊ ရေတပ်စစ်သင်္ဘော ပစ်ကူများပေး၍ ခုခံနေသည်ဟု သိရသည်။
စစ်ကောင်စီအနေဖြင့် မောင်တော၊ နခခ (၅) စခန်းအတွင်းသို့ ဝေဟင်မှ ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းပေးရုံမှလွဲ၍ ကုန်းလမ်း၊ ရေလမ်းမှ စစ်ကူလာရောက် ဖြည့်တင်းပေးနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
အဆိုပါစခန်းသည် မောင်တောမြို့ တွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းတစ်ခုသာဖြစ်သည်ဟု သိရသည်။
အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများရှိရာနေရာများ၌ တိုက်ပွဲများ နေ့စဉ် ပြင်းထန်စွာဖြစ်ပွားနေသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
အမ်းတွင် စစ်ကောင်စီတပ်စခန်းဌာနချုပ် တစ်ခုသာကျန်တော့ပြီး စစ်ကူပို့သည့် တပ်ရင်းလိုက် အပြုတ်တိုက်ခံနေရ
Featured News
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 3, 2025
ဒီဇင်ဘာ 26, 2024
ဒီဇင်ဘာ 26, 2024