တန့်ဆည်မြို့နယ်အတွင်း ပတ်ကင်းလှည့်နေသည့် အာဏာသိမ်းတပ် မိုင်းဆွဲ တိုက်ခိုက်ခံရ

တန့်ဆည်မြို့နယ်အတွင်း ပတ်ကင်းလှည့်နေသည့် အာဏာသိမ်းတပ် မိုင်းဆွဲ တိုက်ခိုက်ခံရ
ဒီဇင်ဘာ 15, 2021 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း ကျေးရွာများတွင် ကင်းလှည့်နေသည့် အာဏာသိမ်းစစ်တပ်အဖွဲ့ကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင် (၁၅)ဦးပါသည့် အဖွဲ့က ကျွန်းတောကုန်းရွာအနနောက်မှ ဒေါင့်ကြီးရွာဘက်သို့ ခြေလျင်တက်လာကြသည့်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အနည်းဆုံး (၃)ဦးသေမည်ဟု ဒေသကာကွယ်ရေးအဖွဲ့က ခန့်မှန်းထားသည်။

အာဏာသိမ်းစစ်တပ်နှင့်ရဲအဖွဲ့သည် တန့်ဆည်မြို့နယ်အတွင်း ကျေးရွာများသို့ လှည့်ပတ်သွားလာပြီး သံသယရှိသူများကို ဖမ်းဆီးခြင်း၊ တပ်စွဲသည့်ကျေးရွာများတွင် နေအိမ်များ ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ ဒေသခံများအား သတ်ဖြတ်ခြင်းများရှိ၍ ၎င်းတို့သွားလာရာလမ်းများတွင် ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လာကြသည်ကို တွေ့ရသည်။

ယင်းအပြင် အာဏာသိမ်းအဖွဲ့က ဝါဒဖြန့်လက်ကမ်းစာစောင်များကို တန့်ဆည်မြို့ပေါ်သို့ ရဟတ်ယာဉ်မှ ဖြန့်ကြဲချခြင်းကို ယနေ့လုပ်ဆောင်လာသည်ကိုလည်း တွေ့ရသည်။