YDF ဒရုန်းစခန်းနှင့် မြိုင်မြို့ရှိ NUG ၏ အောင်ဆန်းတက္ကသိုလ်တို့ ဗုံးကြဲခံရ၍ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

YDF ဒရုန်းစခန်းနှင့် မြိုင်မြို့ရှိ NUG ၏ အောင်ဆန်းတက္ကသိုလ်တို့ ဗုံးကြဲခံရ၍ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

မကွေးတိုင်းရှိ ယောကာကွယ်ရေးတပ်(YDF)၏ ဒရုန်းတပ်ခွဲစခန်းတစ်ခုနှင့် မြိုင်မြို့နယ် အောင်ဆန်းတက္ကသိုလ်တို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းသူတစ်ဦး သေဆုံးပြီး အရပ်သား (၁)ဦး ဒဏ်ရာရသည်ဟု သိရသည်။

စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့ ညပိုင်းတွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင်(၂၅၀)ဗုံးတစ်လုံး နှင့် ဇန်နဝါရီလ (၃၀)ရက်နေ့ နံနက်အစောပိုင်းတွင် ပေါင်(၂၅၀)ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု YDF ထံမှ သိရသည်။ 

လေကြောင်းတိုက်ခိုက်ခံရမှူကြောင့် ဒရုန်းတပ်စခန်းရှိ စစ်ရေးသုံးပစ္စည်းအချို့ ထိခိုက်ပျက်စီးပြီး စခန်းတွင် ဘုရားအလှူခံငွေပုံးအား ဖောက်ထွင်းမှုဖြင့် ယာယီထိန်းသိမ်းထားသော ရာဇဝတ်သားတစ်ဦးလည်း ထိမှန်၍ အပြင်းအထန် ဒဏ်ရာရသည်ဟု သိရသည်။ 

ထို့အပြင် ဇန်နဝါရီလ (၃၀)ရက်နေ့ နံနက်အစောပိုင်းတွင်ပင် မြိုင်မြို့နယ်အနောက်ပိုင်းရှိ အောင်ဆန်းတက္ကသိုလ်အား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ ကျောင်းသူတစ်ဦး သေဆုံးသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် ဂျက်ဖိုက်တာ(၃)စီးဖြင့် အောင်ဆန်းတက္ကသိုလ်အား လေကြောင်းတိုက်ခိုက်ခြင်းကြောင့် CDM ကျောင်းသူ မိန်းကလေးတစ်ဦး ဒဏ်ရာရကာ သေဆုံးသွားသည်ဟု ဆိုသည်။ 

အဆိုပါ အောင်ဆန်းပညာရပ်စုံတက္ကသိုလ်ကို လွတ်မြောက်‌နယ်မြေ၌ မကြာခင်ဖွင့်လှစ်တော့မည်ဟု NUG ပညာရေးဝန်ကြီး ဦးမော်ထွန်းအောင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြကြောင်း Radio NUG က သတင်းဖော်ပြပြီး တစ်ရက်အကြာတွင် ဗုံးကြဲခံရခြင်းဖြစ်သည်။ 

အောင်ဆန်းတက္ကသိုလ်ကို ဇန်နဝါရီလ (၃၀)ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်ရန်ရည်ရွယ်ထားခြင်းဖြစ်သည်ဟုလည်း သိရသည်။

ထို့အပြင် မြိုင်မြို့အနောက်တောင်ဘက် စက်မှု(၂)အတွင်းရှိ စစ်ကောင်စီတပ်သည်လည်း ကျေးရွာများကို လှည့်လည်စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo:YDF ဒရုန်းတပ်ခွဲစခန်း