မိုးကုတ်ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို TNLA သိမ်း

မိုးကုတ်ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို TNLA သိမ်း

မန္တလေးတိုင်း မိုးကုတ်မြို့နယ် အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်၏ ရေကန်တောင်စခန်း၊ တာဝါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ညောင်သုံးပင်စခန်း၊ ဖောင်တော်ဦးအနီးရှိစခန်းများကို ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့တွင် သိမ်းပိုက်ရရှိကြောင်း TNLA ထံမှ သိရသည်။

ယနေ့တွင် မိုးကုတ်မြို့ အရှေ့ပိုင်းတွင် စစ်ကောင်စီတပ် လပခ/ခလရ (၇၁၊ ၈၈)နှင့် TNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ကြောင်း သိရသည်။

မိုးကုတ်မြို့နယ် အရှေ့ပိုင်း ရေကန်တောင်နှင့် ပန်းမထိပ်ရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်း မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသည်ဟု သိရသည်။

ထို့အပြင် လေးမျက်နာဘုရား၊ မောနိရကျောင်း၊ ညောင်သုံးပင်၊ ပတ္တမြားစေတီအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်း မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ကျောက်မဲမြို့နယ်တွင်လည်း စစ်ကောင်စီတပ် ခမရ (၅၀၁၊ ၅၀၂) တပ်ဖွဲ့ဝင်များမှ တပ်ပြင်ပသို့ ထိုးစစ်ဆင်လာသောကြောင့် တပ်စခန်းအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ညနေပိုင်းတွင်လည်း ကျောက်မဲ တိုးဂိတ်၊ အေးရှာဝေါအနီးတဝိုက်တွင် စစ်ကူဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကျောက်မဲမြို့နယ် ကျွဲကုန်းရွာအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်မှ Y12 ဖြင့် ဗုံး (၄၈)လုံး လာရောက်တိုက်ခိုက်ခဲ့ပြီး မိုးမိတ်မြို့နယ် စစ်ကောင်စီဗျူဟာကုန်းမှနေ၍ တောင်ကိုင်းရွာသို့ ဒရုန်းဖြင့် ဗုံး(၂)လုံး လာရောက်ကြဲချခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News