ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပြည်လမ်းမပေါ်တွင် ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂)ရက်နေ့ နံနက်ပိုင်းက ကားနှစ်စီး ရှောင်တိမ်းရာမှ တိမ်းမှောက်ကာ ကလေးတစ်ဦးအပါအဝင် (၂)ဦးသေဆုံးပြီး (၁၀)ဦး ဒဏ်ရာရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူများထံမှ သိရသည်။
ပြည်လမ်းမပေါ် ပျဉ်းမပင်ကျေးရွာအနီး၌ ပဲခူး-ရန်ကုန်ပြေးဆွဲနေသည့်လိုင်းကားသည် ပရိုဘောက်ကားကိုရှောင်ရာက လမ်းဘေးတွင်ရပ်ထားသော ဆိုင်ကယ်အား ဝင်တိုက်ပြီး အုတ်နံရံကို တိုက်မိခဲ့သည့်အပြင် အနောက်က လိုက်ပါလာသည့် ကားတစ်စီးမှလည်း ထပ်မံတိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ကလေးတစ်ဦးပါအဝင် (၂)ဦးသေဆုံးပြီး (၁၀)ဦးဒဏ်ရာရရှိခဲ့သဖြင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ လူနာတင်ယာဉ်(၄)စီး၊ ကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပတ္တမြားလူငယ်ပရဟိအသင်းနှင့် မင်္ဂလာဒုံနာရေးကူညီမှုအသင်းတို့က ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။
သေဆုံးသူများမှာ ဆိုင်ကယ်စီးနင်းသူများဖြစ်ပြီး ဆိုင်ကယ်မောင်းသမားနှင့် အထက်တန်းကျောင်းသူတို့ သေဆုံးသွားခြင်းဖြစ်သည်ဟုလည်း သိရသည်။
#TachileikNewsAgency
Photo : Htin Lin Aung