မန္တလေးမြို့ နဂါးနန်းတော် စိန်ရွှေရတနာဆိုင်နှင့် ဆင်ဖြူတော် ငွေလွှဲလုပ်ငန်းတို့အား လုယက်မှုကျူးလွန်သူများတွင် ပါဝင်သူနှစ်ဦးမှာ တပ်ဖွဲ့မှထွက်သွားပြီးသူများဖြစ်ပြီး အဖွဲ့အစည်းနှင့်မသက်ဆိုင်ဟု ဆပ်ပြာကျင်းရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
နဂါးနန်းတော် စိန်ရွှေရတနာဆိုင်နှင့် ဆင်ဖြူတော် ငွေလွှဲလုပ်ငန်းတို့အား လုယက်မှုကျူးလွန်သူများထဲတွင် PDF နှစ်ဦးအပါဝင် အမျိုးသား(၅)ဦးပါဝင်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဝါဒဖြန့်ပြောဆိုခြင်းကြောင့် သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြန်လည်တုံ့ပြန် ပြောဆိုခြင်းဖြစ်သည်။
“PDF ဆိုတာ ဟုတ်တယ်လိုလည်း ပြောလို့ရတယ်ပေါ့လေ။ ဒါပေမယ့် ကျွန်တော်တို့ဆီက ထွက်သွားတာ တစ်လ နီးပါးရှိသွားပြီ။ တကယ့် PDF ဆိုရင် အဲဒီလိုမျိုး သွားလို့လာလို့မှ မရတာ။ PDF ဆိုတဲ့ ပုံရိပ်ကျဆင်းလိုတဲ့ ရည်ရွယ်ချက်နဲ့ စစ်ကောင်စီဘက်က PDF အဖွဲ့ဝင်လို့ ကြေညာချက်ထုတ်သွားတာ။”ဟု ဆပ်ပြာကျင်းရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွင် PDF တပ်ဖွဲ့ဝင်နှစ်ဦးပါ အမျိုးသား(၅)ဦးအား သက်သေခံရွှေထည်ပစ္စည်း၊ ငွေများ၊ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။
“သူတို့ကိုယ်ရေးကိုယ်တာကိစ္စကြောင့် အဖွဲ့အစည်းကနေ ထွက်သွားကြတာပါ။ သူတို့ အဲဒီဘက်မှ ရောက်နေတယ်ဆိုတာကို ဒီသတင်းတက်လာမှ ကျွန်တော်တို့လည်း သိရတာ။ ဒါကြောင့် ဒီကိစ္စဟာ ကျွန်တော်တို့ PDF အဖွဲ့အစည်းနဲ့ မသက်ဆိုင်ဘူးလို့ ပြောရမှာပေါ့။”ဟု ၄င်းက ဆက်ပြောသည်။
စစ်ကောင်စီက ဖမ်းဆီးလိုက်သူ PDF အဖွဲ့ဝင်ဟောင်းနှစ်ဦးမှာ ဆပ်ပြာကျင်းကျေးရွာသားများမဟုတ်ဘဲ တစ်ဦးမှာ ဆပ်ပြာကျင်းကျေးရွာအုပ်စုရှိ ကျေးရွာတစ်ခုမှဖြစ်ကာ ကျန်တစ်ဦးမှာ ဖောင်းပြင်မြို့ နယ်ဘက်မှ ရောက်လာသူဖြစ်သည်ဟုလည်း သိရသည်။
“သူတို့က ဆပ်ပြာကျင်း PDF အမည်ကို သုံးသွားတယ်လို့ ယူဆရတာပေါ့။ ဒေသခံတွေကလည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာမှာ စိုးရိမ်နေကြတာပေါ့။ ဒီရွာသားတွေမဟုတ်ဘဲ ဘာကြောင့်ဒီလိုဖြေရသလဲဆိုတဲ့ ခံစားချက်တွေလည်းရှိလာတယ်။ နောက်တစ်ချက်က PDF ဒုခေါင်းဆောင်လို့ ဖြေသွားတာလည်း မဟုတ်ဘူး။”ဟု သူက ဆက်ပြောသည်။
ဖမ်းဆီးရမိသူများသည် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့က မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်ရှိ ဆင်ဖြူတော် ငွေလွှဲလုပ်ငန်းအား ဓားပြဝင်တိုက်ပြီး ငွေကျပ်သိန်း(၃၀၀)နှင့် မော်တော်ယာဉ်တစ်စီး တို့အား ယူဆောင်သွားသည်ဟု ဆိုသည်။
ထို့အပြင် ဒီဇင်ဘာလ (၂၆)ရက်နေ့က မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ နဂါးနန်းတော် စိန်ရွှေရတနာဆိုင်ကို ဓားပြဝင်တိုက်ကာ ရွှေထည်ပစ္စည်းမျိုးစုံပါ ရွှေအလေးချိန်(၁ ပိဿာ ၉၁)ကျပ်သားခန့်၊ စုစုပေါင်း တန်ဖိုးငွေ ကျပ်(၁၀,၅၀၅)သိန်း ဝန်းကျင်နှင့် ငွေစက္ကူရောရာ ကျပ်သိန်း(၃၀)ဝန်းကျင်တို့ကို လုယက်ယူဆောင်သွားသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထား သည်။
“သူတို့ပြောသလို ဓားပြမှုကို တကယ်ကျူးလွန်တယ်၊ မကျူးလွန်ဘူးဆိုတာလည်း ကျွန်တော်တို့က တကယ်မသိရဘူး။ သတင်းတက်လာမှသာ တွေ့ရတယ်။ တွေ့ရတဲ့အခါကျတော့ ဒီလူတွေဟာ ဆပ်ပြာကျင်းကျေးရွာ PDF တွေပါလို့ပြောတာကို လက်မခံနိုင်ဘူး။ သူတို့တွေသည် ဆပ်ပြာကျင်းရွာသားတွေလည်းမဟုတ်ဘူး။ ထွက်သွားတာလည်းကြာပြီမို့လို့ ကျေးရွာနေပြည်သူတွေရဲ့ စိုးရိမ်ကြောင်းကြမှုကိုဖြစ်စေတယ်။ PDF အဖွဲ့အစည်းတွေကိုလည်း ဒီကိစ္စတွေနဲ့ပတ်သက်လို့ အနူးအညွတ်တောင်းပန်ပါတယ်။”ဟု ဆပ်ပြာကျင်းရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီဘက်က ဝါဒဖြန့်ဖော်ပြရာတွင် မိုးအောင်(ခ)အောင်မိုးသည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ နယ် ဆပ်ပြာကျင်းကျေးရွာ PDF အကြမ်းဖက်အဖွဲ့မှ ဒုခေါင်းဆောင်ဖြစ်ပြီး ကျော်စိုးလွင်(ခ)ကျော်ကြီး(ခ)ပြာတာသည် ဆပ်ပြာကျင်းကျေးရွာအုပ်စု ထောင်တန်းကျေးရွာ PDF အဖွဲ့ဝင်ဖြစ်သည်ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီဘက်မူ မိုးအောင်(ခ)အောင်မိုး၊ ကျော်စိုးလွင်(ခ)ကျော်ကြီး(ခ)ပြာတာ၊ အောင်ပြည့်စုံလွင်၊ သန်းထိုက်ထွန်း(ခ)ငနဲ၊ ထွန်းမင်းလတ်(ခ)ထွန်းမင်းတို့ (၅)ဦးကို ဖမ်းဆီးရမိသည်ဟု ဖော်ပြထားသည်။
#TachileikNewsAgency
#TNA_MAT