ရှမ်းမြောက်တွင် ၄ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၈၀၊ တင့်နှင့် သံချပ်ကာကား ၉ စီးကို သိမ်းဆည်းရရှိကာ ဒုတပ်ရင်းမှူးနှင့် တပ်စုမှူးများကို ဖမ်းဆီးရမိခဲ့

ရှမ်းမြောက်တွင် ၄ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၈၀၊ တင့်နှင့် သံချပ်ကာကား ၉ စီးကို သိမ်းဆည်းရရှိကာ ဒုတပ်ရင်းမှူးနှင့် တပ်စုမှူးများကို ဖမ်းဆီးရမိခဲ့
အောက်တိုဘာ 31, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းပေါင်း(၈၀)ခု၊ တင့်ကားနှင့် သံချပ်ကာကား (၉)စီးကို ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး (၄)ရက်မြောက်နေ့အထိ မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAAထံမှ သိရသည်။

အောက်တိုဘာလ(၃၀)ရက်နေ့တွင် ကိုးကန့်နှင့် မူပန်(သိန္နီ)ဒေသရှိ  စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းပေါင်း(၁၃)ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ရာ စခန်းပေါင်း(၈၀)အထိ သိမ်းယူလာနိုင်ခဲ့ပြီး အောက်တိုဘာလ (၃၀)ရက်နေ့တိုက်ပွဲများအတွင်းမှ  WMA-301 လက်နက်ကြီး တပ်ဆင်ထားသော တင့်ကားနှင့် သံချပ်ကာကား (၄)စီးနှင့် အခြားစစ်ရေးပစ္စည်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ (၃၀)ရက်နေ့တွင် မုံးကိုးဒေသ မာလင်ရှူ ရွာအပေါ်ဘက်ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် အခြေချထားသော စစ်ကောင်စီတပ်စခန်း၊ မန်ယန် အမှတ်(၁၀) တပ်စခန်း၊  ဖောင်းဆိုင် ခရစ်ယာန်ဘုရားကျောင်း လက်ဝဲဘက်ရှိ အမှတ်(၁၉) တပ်စခန်း၊ မန်ယန် အမှတ်(၁၁) တပ်စခန်း၊ ဖောင်းဆိုင်ပြည်သူ့စစ်အဖွဲ့၏ အမှတ်(၁၃)၊ (၁၇)၊ (၁၈) တပ်စခန်းဟောင်း၊ ဖောင်းဆိုင်စေတီအတွင်း အခြေချထားသည့်  အမှတ်(၁၅)၊ (၁၆) တပ်စခန်း၊ ကွမ်လွန်တောင်ကုန်းနှင့် ဖောင်းဆိုင်စေတီ လက်ဝဲဘက်ရှိ အမှတ်(၁၄)တပ်စခန်းတို့ကို MNDAAနှင့် AA တို့က သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ကွမ်လွန်တောင်ကုန်းတပ်စခန်းကို AA၏ တပ်ရင်း (၁၁၃)က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ရာ ဖောင်းဆိုင်နှင့် မန်ယန်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းအားလုံးကို ရှင်းလင်းသိမ်းယူနိုင်ခဲ့ပြီး ယနေ့တွင် MNDAAတပ်ဖွဲ့က စစ်မြေပြင်ရှင်းလင်းရေးအား ဆက်တိုက်လုပ်ဆောင်နေခဲ့သည်ဟု သိရသည်။ 

အောက်တိုဘာလ (၂၉)ရက်နေ့တွင် MNDAAသည် စစ်ကောင်စီတပ်ဖွဲ့၏ WMA-301လက်နက်ကြီး တပ်ဆင်ထားသော တင့်ကား(၁)စီးကို သိမ်းဆည်းရရှိခဲ့ပြီး ဖောင်းဆိုင်နှင့် လုံးဖိုင်ဒေသတွင်လည်း တင့်ကား(၂)စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော် မာကျတိပေါက်ပေါက်တောင်ကုန်း(ရာဘာကုန်း)တွင်လည်း သံချပ်ကာကား(၂)စီးကို ဖျက်ဆီးသိမ်းဆည်းနိုင်ခဲ့ကာ တင့်ကားနှင့် သံချပ်ကာ စုစုပေါင်း (၅)စီးအား သိမ်းဆည်းရရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်၏ သံချပ်ကာတပ်ရင်း (၇၄)မှ ဒုတပ်ရင်းမှူးနှင့် တပ်စုမှူး(၂)ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

အောက်တိုဘာလ (၃၀)ရက်နေ့တွင် MNDAAတပ်သည် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ၊ တာတုံဝါ အနောက်ဘက် တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်ကာ ညနေပိုင်းတွင် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် MNDAAသည် ကိုးကန့်ခရိုင်၊ ရှင်းဝမ်ဒေသ၊ ရှင်ဟွာကျေးရွာ၊ ရှောက်တင့်ပနေရာရှိ စစ်ကောင်စီ၏ လက်နက်ကြီးစိန်ပြောင်း(၂)ခုကိုလည်း ဖျက်ဆီးခဲ့ပြီး အောက်တိုဘာလ (၂၉)ရက်နေ့မှ (၃၀)ရက်နေ့ နေ့လယ်အထိ စစ်ကောင်စီ၏ မန်တုံပနေရာမှ ရန်တော်စံနေရာသို့ စစ်ကူလာသော စစ်ကြောင်းကို ရှမ်ရင့်တုံနေရာမှ တစ်ဆင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်(၄)ဦးနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သိန္နီမြို့တွင်လည်း  အောက်တိုဘာလ (၃၀)ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့သည် MNDAAမှ သိမ်းယူထားသော လားရှိုးအရှေ့ဘက် ကွမ်ယုံတောင်ကုန်းစခန်းကို ပြန်လည်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပြီး  စစ်ကောင်စီတပ်များ အထိနာသဖြင့် ဆုတ်ခွါသွားကြောင်း သိရသည်။

ယင်းနေ့တွင်ပင် MNDAAသည် စစ်ကောင်စီတပ်၏ မာချီနှောဂိတ်နှင့် တပ်စခန်း(၂)ခုကို ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မူပန်(သိန္နီ)တံတားကြီးကိုဖောက်ခွဲပြီး စစ်ကောင်စီ၏ စစ်ကူလမ်းကြောင်းအား ဖြတ်တောက်နိုင်ခဲ့ပြီးနောက် သိန္နီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံးကို တိုက်ခိုက်သိမ်းယူခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ (၃၁)ရက်နေ့တွင်လည်း မဟာမိတ်တပ်များသည် စစ်ကောင်စီတပ်စခန်းများကို ဆက်လက်သိမ်းပိုက်နိုင်ရန်အတွက် တိုက်ခိုက်နေကြောင်း သိရသည်။

#TachileikNewsAgency