အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် တော်လှန်ရေးတွင် စစ်ရေးပိုင်းကို ဦးစားပေးဆောင်ရွက်နေရသဖြင့် CDM ဝန်ထမ်းများကို ထောက်ပံ့မှုတွင် အားနည်းနေရခြင်းဖြစ်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ဝန်ကြီးဌာနအတွင်းမှ CDMဝန်ထမ်းတို့ တွေ့ဆုံစဥ် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
CDM ထောက်ပံ့ကြေးများ ပေးနေသော်လည်း အားလုံးကို မလွှမ်းခြုံနိုင်သေးကြောင်းနှင့် ဝန်ထမ်းအားလုံးကို ထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အတွက် တောင်းပန်လိုကြောင်း ဒေါက်တာတူးခေါင်က ထည့်သွင်းပြောကြားခဲ့သည်။ တော်လှန်ရေးအတွက် စစ်ရေးပိုင်းတွင် ဦးစားပေးဆောင်ရွက်နေရသဖြင့် CDM ထောက်ပံ့မှုအားနည်းခြင်းဖြစ်ပြီး စစ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှု များစွာရှိသည်ဟုလည်း ဆိုသည်။
တော်လှန်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေရရှိရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် တရားမဝင်သစ်ဖမ်းဆီးခြင်းနှင့် သယံဇာတ တူးဖော်ခြင်းများအပေါ် ဒဏ်ကြေးကောက်ခံခြင်းတို့မှ ဆောင်ရွက်နေပြီး တော်လှန်ရေး ရန်ပုံငွေများကို ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက စီမံနေသည်ဟုလည်း သိရသည်။
ယခင်က တော်လှန်ရေးများတွင် ကိုယ်ထူကိုယ်ထ ရန်ပုံငွေရှာဖွေနိုင်ခြင်းမရှိခဲ့သော်လည်း ယခုတော်လှန်ရေးတွင် NUGPayမှတစ်ဆင့် လည် ပတ်ဆောင်ရွက်နေပြီး ဘဏ်တည်ထောင်နိုင်ရေးကိုလည်း စီစဉ်နေပြီဖြစ်ကာ ကိုယ်ပိုင်ရန်ပုံငွေ ထူထောင်နိုင်ပြီဖြစ်သည်ဟုလည်း ဆိုသည်။
အဆိုပါ တွေ့ဆုံပွဲကို ZOOMမှ တဆင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည့် CDMဝန်ထမ်း (၆၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
#TachileikNewsAgency