စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခံရခြင်းများနှင့် တိမ်းရှောင်နေရခြင်းများကြောင့် စစ်ကိုင်းပြည်သူလူထုကို ကယ်ဆယ်မပေးနိုင်၍ တောင်းပန်ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စစ်ကိုင်းက ဖော်ပြသည်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်းသည် ၂၀၂၄ခုနှစ် စက်တင်ဘာလက ဖြစ်ပွားသည့် ရေကြီးရေလျှံမှုဖြစ်စဥ်များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းတွင် စစ်ကောင်စီ၏ ဖမ်းဆီးမှုများကို ခံခဲ့ရသည့်အတွက် အသင်းဆက်လက်ရပ်တည်လှုပ်ရှားရန် အခတ်အခဲများစွာရှိနေကြောင်း သိရသည်။
"ရေဘေးအပြီး အဖမ်းစီးခံလိုက်ရတာကြောင့် ရပ်နားလိုက်ရတာပါ။ အဖွဲ့ Founder တွေကအစ အကုန် ၂၀၂၁ကတည်းက တိမ်းရှောင်နေကြတာပါ။ ၂၀၂၄ မှာတော့ ကျန်တဲ့ ဦးဆောင်သူပါ အဖမ်းခံလိုက်ရတဲ့အတွက် အပြီး ရပ်နားလိုက်တာပါ။ လက်ရှိမှာ အဖွဲ့ဝင်တစ်ဦး အထဲမှာရောက်နေပါတယ်။ထောက်ပို့တာကြောင့်လို့ ထင်ပါတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေကတော့ အဝေးမှာပဲရှိနေကြပါတယ်။"ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။
အသင်းအဖွဲ့ဝင်အများစုမှာ စစ်ကောင်စီရန်ကြောင့် အဝေးသို့ ရောက်ရှိနေခြင်းအပြင် အဖွဲ့ဝင်အချို့မှာ ဖမ်းဆီးထိမ်းသိမ်းခြင်းခံနေရခြင်းတို့ကြောင့် ငလျင်ဘေးသင့် စစ်ကိုင်းပြည်သူများကို မကူညီနိုင်တော့သည့်အတွက် အနူးအညွတ်တောင်းပန်သည်ဟု ဖော်ပြသည်။
သို့သော်လည်း အဝေးမှနေ၍သာ လိုအပ်သည်များကို ချိတ်ဆက်ကူညီပေးသွားမည်ဟုလည်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စစ်ကိုင်းက ထုတ်ပြန်ထား သည်။
ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေးနှင့် ရှမ်းတောင်တိုတွင် အပျက်အစီးများပြီး ယနေ့နေ့လယ်ပိုင်းအထိ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ လူပေါင်း(၁၀၀၀)ကျော်သေဆုံးပြီး (၂၀၀၀)နီးပါး ဒဏ်ရာရရှိထားသည်ဟု သိရသည်။
#TachileikNewsAgency