မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းအား တော်လှန်ရေးအင်အားစုများ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းအား တော်လှန်ရေးအင်အားစုများ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ တပ်မ (၃၃)မှ စစ်ကောင်စီ လုံခြုံရေးယူ၍ ထွက်လာသည့် ကြေးနီသယ်ကားနှင့် သံပြားကာကားများအား မုံရွာ-မန္တလေး လမ်းပိုင်းတနေရာတွင် ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ကြောင်း Brave Heart Army – BHA အဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းမြို့ တပ်မ (၃၃)မှ စစ်ကောင်စီ လုံခြုံရေးယူ၍ ထွက်လာသည့် ကြေးနီသယ်ကား (၄၃) စီးနှင့် သံပြားကာကား (၅)စီးအား မုံရွာ-မန္တလေး လမ်းပိုင်း မအူဂိတ်အနီး၌ တော်လှန်ရေးအင်အားစုများက ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ပဒေသာမိုင်း ပွိုင့် (၅)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် စစ်ကောင်စီယာဉ်တန်း၏ ရှေ့ဆုံးမှ လိုက်ပါလာသည့် Jammer ပါသည့် ကားအား ထိမှန်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Golden Target Force - GTF မှ  ဦးဆောင်၍ Brave Heart Army-BHA မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလ (၂၆)ရက်နေ့၌ပင် မန္တလေးမှ မုံရွာသို့ပြန်လာသည့် စစ်ကောင်စီကားတန်းအား အဆိုပါ လမ်းပိုင်းတနေရာတွင် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) (Monywa The Boys) နှင့် DGF အဖွဲ့တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ယာဉ်မောင်းသေဆုံးကာ ၊ ကားတစီး ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

#TachileikNewsAgency

Photo: မုံရွာခရိုင် အမှတ်၄တပ်ရင်း _ Chindwin Attack Force