ထားဝယ်မြို့တွင် ဆိုင်ကယ်စီးလာသည့် လူငယ်ကို သေနတ်ဖြင့် ပစ်ခတ်ပြီး ကားဖြင့်တင်ဆောင်သွားပြီးနောက် သေဆုံးရသည့် အကြောင်းအရင်းကို စစ်ဆေးရုံက စာရွက်ပေါ်တွင် လိမ်လည်ဖော်ပြ

ထားဝယ်မြို့တွင် ဆိုင်ကယ်စီးလာသည့် လူငယ်ကို သေနတ်ဖြင့် ပစ်ခတ်ပြီး ကားဖြင့်တင်ဆောင်သွားပြီးနောက် သေဆုံးရသည့် အကြောင်းအရင်းကို စစ်ဆေးရုံက စာရွက်ပေါ်တွင် လိမ်လည်ဖော်ပြ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အထက(၃)ကျောင်းရှေ့တွင် ၂၀၂၁ခုနှစ် မတ်လ(၂၇)ရက်နေ့ နံနက်(၁၀)နာရီ (၃၈)မိနစ်အချိန်က အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက် စစ်တပ်နှင့်ရဲက  လမ်းပေါ်တွင်သွားနေသည့် ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်ရာ လူငယ်(၁)ဦး သေဆုံးသွားမှုနှင့် ပတ်သက်၍ ဆိုင်ကယ်ပေါ်က ပြုတ်ကျကာ ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးကြောင်း မတ်လ(၃၀)ရက်နေ့၌ စစ်ဆေးရုံ၏ သေဆုံးခြင်းလက်မှတ်ပေါ်တွင် လိမ်လည်ဖော်ပြထားသည်။

အွန်လိုင်းတွင် ထွက်ပေါ်နေသည့် CCTV မှတ်တမ်းများအရ မတ်လ(၂၇)ရက်နေ့ နံနက်(၁၀)နာရီ (၃၈)မိနစ်အချိန်က အသက်(၁၇)နှစ်အရွယ် ကိုကျော်မင်းလတ် အပါအဝင် သူငယ်ချင်း(၃)ဦး စီးလာသည့် ဆိုင်ကယ်သည် မျက်နှာချင်းဆိုင်ဘက်က လာသည့် စစ်ကားများဖြင့် ထိပ်တိုက်တိုးပြီးနောက် စစ်တပ်နှင့်ရဲတို့၏ ပစ်ခတ်မှုကြောင့် ကိုကျော်မင်းလတ် မှာ ကျည်ထိမှန်ပြီး ကျန်(၂)ဦးမှာလည်း ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ယင်းနောက် ကျည်ထိမှန်သည့် ကိုကျော်မင်းလတ်အား ကားပေါ်သို့ တင်ဆောင်သွားကြသည်။

ယနေ့ မတ်လ(၃၀)ရက်နေ့တွင် မိသားစုအားပေးလိုက်သည့် သေဆုံးခြင်းလက်မှတ်ပေါ်တွင် "'ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍ ကနဦး ဦးခေါင်းပြင်းထန်စွာဒဏ်ရာရရှိခြင်း'"ဟု ရေးသားကာ အမှတ်(၁၂)တပ်မတော်ဆေးရုံ(ခုတင် ၁၀၀)ထားဝယ်မှ ဗိုလ်ကြီးသန့်ဇင်ဟိန်းက လက်မှတ်ထိုးကာ အတည်ပြုပေးထားသည်။

ယခုအခါမှာ အလောင်းအား မိသားစုမှ ပြန်လည်ရရှိပြီဖြစ်၍ ဧပြီလ(၁)ရက်နေ့ နေ့လည်တွင် ဇဟာသုသာန်၌ သဂြိုဟ်မည်ဖြစ်ကြောင်း နှင့်  ကိုကျော်မင်းလတ် နှင့် သူငယ်ချင်း (၃)ဦးသည် ဆန္ဒပြပွဲက ပြန်လာသည်မဟုတ်သလို ဆန္ဒပြရာတွင်လည်း ပါဝင်သူမဟုတ်သော်လည်း ယင်းသို့ ပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရသည်။