မြန်မာ့အရေးအကြပ်အတည်းကိုဖြေရှင်းရန် အာဆီအလှည့်ကျ ဥက္ကဌနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ချဉ်းကပ်မည်ဟု 7 EAO Alliance ဆို

မြန်မာ့အရေးအကြပ်အတည်းကိုဖြေရှင်းရန် အာဆီအလှည့်ကျ ဥက္ကဌနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ချဉ်းကပ်မည်ဟု 7 EAO Alliance ဆို

မြန်မာ့အရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ရန် အာဆီအလှည့်ကျ ဥက္ကဌအဖြစ်တာဝန်ယူမည့် မလေးရှားခေါင်းဆောင်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ချဉ်းကပ်နိုင်ရန်ကြိုးပမ်းမည်ဟု မဟာမိတ်အဖွဲ့ - 7 EAO Alliance အဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးအဖွဲ့များမှ (၇)ဖွဲ့ ပါဝင်သည့် မဟာမိတ်အဖွဲ့ - 7 EAO Alliance ၏ (၄)လပတ်အစည်းအဝေးအဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ဆွေးနွေးကြရာတွင် အဆိုပါကိစ္စကို သဘောတူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့နိုင်ငံရဲ့ အခက်အခဲအကြပ်အတည်းကို ကျော်လွှားတဲ့နေရာမှာ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုကလည်း အရေးကြီးတဲ့အတွက်ကြောင့်မို့လို့ အခုလက်ရှိပေါ့ အာဆီအလှည့်ကျ ဥက္ကဌ တာဝန်ယူမယ့် မလေးရှားခေါင်းဆောင်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်းပဲ ချဉ်းကပ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းမယ်။”ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က Tachileik News Agency ကို ယမန်နေ့က ပြောသည်။

ယမန်နေ့ အစည်းအဝေးမှ 7 EAO Alliance ၏ သဘောတူဆုံးဖြတ်ချက်များထဲတွင် ဒေသအင်အားစုများနှင့် လုပ်ဆောင်ရမည့် ကိစ္စရပ်များကို တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံပြီး စည်းစုလုပ်ဆောင်နိုင်ရန်၊ နိုင်ငံ၏ အခက်အခဲအကြပ်အတည်းကို ကျော်လွှားသည့်နေရာတွင် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုမှာလည်း အရေးကြီးသဖြင့် အာဆီအလှည့်ကျ ဥက္ကဌ တာဝန်ယူမည့် မလေးရှားခေါင်းဆောင်နှင့်  အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုလည်း ချဉ်းကပ်နိုင်ရန် ကြိုးပမ်းရန်နှင့် မြန်မာနိုင်ငံရေး အခက်အခဲ အကြပ်အတည်းကို ကျော်လွှားသည့်နေရာတွင် အိမ်နီးချင်းနိုင်ငံများနှင့်လည်း ဆက်သွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ကြိုးပမ်းမည်ဆိုသည့် အချက်များပါဝင်သည်ဟု ဆိုသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလက ပြုလုပ်သည့် ဒုတိယအကြိမ်အစည်အဝေးက ချက်မှတ်ခဲ့သော လက်ရှိနိုင်ငံရေး အကြပ်အတည်းကို ကျော်လွှားနိုင်ရန် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဖော်ဆောင်ရာတွင် ယခင်နည်းလမ်းအတိုင်း လုပ်ဆောင်မရ၍ နည်းလမ်းအသစ်နှင့် သွားမည်ဆိုသော မူဝါဒကိုချမှတ်ထားသဖြင့် နည်းလမ်းသစ်ကို ဆွေးနွေးကြခြင်းဖြစ်သည်ဟု ဆိုသည်။

“NCA ရေးထိုးစဉ်အချိန်ကတည်းက နိုင်ငံတကာက အသိသက်သေအဖြစ်လက်မှတ်ရေးထိုးခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း ပြန်ပြီးတော့ ချိတ်ဆက်စကားပြောဆိုနိုင်ဖို့အတွက် စာရေးသားပေးပို့ဖို့ အဲဒီလို သဘောထားတွေ ချမှတ်နိုင်ခဲ့ပါတယ်။”ဟုလည်း ၄င်းကပြောသည်။

ထို့အပြင် 7 EAO Alliance အတွင်း ဖက်ဒရယ်အခြေခံမူကို တိတိကျကျရေးဆွဲညှိနှိုင်းသဘောတူညီမှုရရန် စတင်လုပ်ဆောင်ရန်ရှိပြီး သက်ဆိုင်ရာအဖွဲ့အစည်းမှ ပြည်နယ်၏ ဖက်ဒရယ်အခြေခံဥပဒေကိုလည်းပဲ ရေးဆွဲနိုင်ရန် စတင်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

“ပြီးတော့ မကြာခင်ပေါ့ သွားမယ့် ဖက်ဒရယ်ပြည်ထောင်စုအတွက်က မရှိမဖြစ်လိုအပ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်လည်းပဲ စတင်ပြီးတော့ နည်းလမ်းရှာဖို့ ကျွန်တော်တို့လုပ်ဆောင်ရမယ့် အခြေအနေတွေ လည်းရှိတာပေါ့ဗျာ။”ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

၄ နှစ်ကြာ ပြည်တွင်းစစ်အတွင်း ဒုက္ခရောက်နေကြရသည့် ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် နည်းလမ်းများကိုလည်း ဆွေးနွေးသည်ဟု ဆိုသည်။

သက်ဆိုင်သူများ အားလုံးပါဝင်သည့် ဆွေးနွေးမှုကို မလွဲအသွေဖြတ်သန်းရမည့် အက္ခရာကျသော အခင်းအကျင်းမျိုးဖြစ်သည်ဟုလည်း 7 EAO Alliance က ယုံကြည်ထားသည်။

“အခုလိုမျိုး ပုံမှန်မဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုအောက်မှာကတော့ ဒီနိုင်ငံရဲ့ အခက်အခဲအကြပ်အတည်းကို အမှန်တကယ်ဖြေရှင်းနိုင်မယ့် သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုတာကတော့ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီးရှိတယ်ဆိုတာကတော့ နားလည်တဲ့ကြားကပဲ ကျွန်တော်တို့ ယုံကြည်မှုသိပြီးသား နားလည်မှုသိပြီးသား ရှိနေတဲ့အခြေခံကောင်းပေါ်မှာ ဒါကိုဘယ်လိုပြန်ပြီးတော့ အစဖော် လို့ရနိုင်မလဲဆိုတာကို ရှိသမျှအင်အားစုနဲ့ စုပေါင်းကြိုးပမ်းလုပ်ဆောင်ဖို့ အဲဒါကို ကျွန်တော်တို့ တင်ပြခြင်းပဲဖြစ် ပါတယ်။”ဟု ၄င်းက ဆက်ပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)အဖြစ် စတင်ဖွဲ့စည်း လုပ်ငန်းဆောင်ရွက်ရာမှ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် KNU၊ CNF နှင့် ABSDF တို့ နှုတ်ထွက်သွားခဲ့ရာ မဟာမိတ်စုဖွဲ့မှုပုံစံသစ်အဖြစ် 7 EAO Alliance ကို ၂၀၂၄ ခုနှစ် မတ်လ (၁၈)ရက်နေ့တွင် ပြောင်းလဲဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

7 EAO Alliance မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)တို့အနက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့က 7 EAO Alliance အတွင်းပါဝင်နေသည့် ၎င်းတို့၏ခေါင်းဆောင်များကို အဖွဲ့အစည်းမှထုတ်ပယ်ကြောင်း ကြေညာထားကြသည်။

ယင်းအပြင် PNLO/PNLA သည် စစ်ကောင်စီကို တိုက်ခိုက်နေသည့်နည်းတူ NMSP မှ ခေါင်းဆောင်တချို့က NMSP-AD ဟု ခွဲထွက်ကာ စစ်ကောင်စီကို တော်လှန်နေကြသည်။

7 EAO Alliance ကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဦးဆောင်ကာ ဒုတိယအဖွဲ့ ခေါင်းဆောင်အဖြစ် နိုင်အောင်မင်းက တာဝန်ယူထားခြင်းဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

Photo: 7 EAO Alliance အဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့် (ပုံဟောင်း)