မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့ နယ်များတွင် နေအိမ်အဆောက်အဦ ပျက်စီးမှုများပြားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
ဒီနေ့ကတော့ အခြေအနေတော်တော်လေးကို ငြိမ်သွားပါပြီဗျ။ နေအိမ်တွေကတော့ တော်တော်လေးကို ပျက်စီးသွားတာရှိတယ်ဗျ။ ပြန်လည်ထူထောင်ရေးကတော့ ကိုယ်ဘာသာပဲ ပျက်စီးတာတွေကို သိမ်းဆည်းကြပေါ့။ လူအထိအခိုက်တော့ မရှိခဲ့ဘူး။ ပျက်စီးသွားတဲ့နေအိမ်တွေက လက်လုပ်လက်စား နေအိမ်တွေများတယ်။
ဟု မြောက်ဦးမြို့မှ ဒေသခံတစ်ဦးက Tachileik News Agency ကို ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်တွင် ပြောသည်။
လက်ရှိတွင် လေတိုက်ခြင်း၊ ရေတက်ခြင်းများမရှိတော့ဘဲ ရေပြန်ကျသွားပြီဖြစ်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံး Mytel ဆင်းကဒ်တစ်ခုသာ အင်တာနက်အသုံးပြုနိုင်ပြီး ဖုန်းခေါ်ဆိုနိုင်နေသည်ဟု သိရသည်။
ကျောက်ဖြူဘက်မှာတော့ ဓာတ်တိုင်တစ်ချို့ကျိုးတယ်။ အပင်သစ်ကိုင်းတွေ ကျိုးကျတယ်။ ကျန်တာတော့ ထွေထွေထူးထူး အဲဒီလောက် အထိမရှိပါဘူးဗျ။ ကျောက်ဖြူဘက်မှာတော့ လူထိခိုက်၊ သေဆုံးမှု မရှိပါဘူး။ ရေလည်း နည်းနည်းတက်ခဲ့တာပါ။
ဟု ကျောက်ဖြူမြို့ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီး ဒီရေတိုးလာခဲ့သော်လည်း ညပိုင်းတွင် ရေများပြန်လည်ကျဆင်းသွားသည်ဟု ဆိုသည်။
မင်းပြားမှာ ရွာတွေဘက် လိုင်းတွေပျက်နေလို့ အခြေအနေမသိရသေးပါဘူး။ မြို့ပေါ်မှာတော့ အတိုင်းအတာတစ်ခုအထိ ပျက်စီးမှုရှိ ခဲ့တယ်။ ရွာတွေဘက်က အခြေအနေပိုဆိုးပါတယ်။ မြစ်ကမ်းဘေးက အိမ်တွေလည်းတော်တော်ထိတယ်။
ဟု မင်းပြားမြို့နယ်မှ ဒေသခံတစ်ဦးက Tachileik News Agency ကို ပြော သည်။
မင်းပြားမြို့တွင် Mytel၊ အော်ရီဒူးဆင်းကဒ်များသာ အသုံး ပြုနိုင်နေပြီး အဝေးပြေးလမ်းတွင်လည်း သစ်ပင်များပြိုလဲ၍ လမ်းပိတ်နေကာ နေအိမ်တချို့သစ်ပင်ပိခြင်း၊ ဓာတ်တိုင်ကျိုးခြင်းများရှိသော်လည်း လူအထိအခိုက်မရှိကြောင်း သိရသည်။
မုန်တိုင်းဗဟိုအနီးကျရောက်ခဲ့သည့် စစ်တွေမြို့ပေါ်တွင် ဖုန်းလိုင်းများပြတ်တောက်နေကာ အဆောက်အဦးပျက်စီးဆုံးရှုံးမှုများပြီး ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။