အာဏာသိမ်း စစ်ကောင်စီတပ်ကို တော်လှန်မည့် တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ ထပ်တိုး

အာဏာသိမ်း စစ်ကောင်စီတပ်ကို တော်လှန်မည့် တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ ထပ်တိုး

အာဏာသိမ်း စစ်ကောင်စီတပ်ကို တော်လှန်ရန်အတွက် ဗမာ့တပ်တော် (ဗမာလူမျိုးစုတပ်မတော်) - Bamar Army ကို ၂ဝ၂၅ ခုနှစ်  ဇန်နဝါရီလ(၁)ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာလာသည်။

ညီနောင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ နိုင်ငံရေးနှင့် မဟာမိတ်မူဝါဒများအပေါ် ဟန်ချက်ညီညီ ဖြင့်လက်တွဲကာ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ဘုံရည်မှန်းချက်တူညီပြီး လက်တွဲပူးပေါင်းဆောင်ရွက်လိုသည့် တပ်ရင်း၊ တပ်ဖွဲ့များအား ပေါင်းစပ် စုစည်း၍ ဗမာလူမျိုးစုကို ကိုယ်စားပြုသော ဗမာ့တပ်တော်ကို နိုင်ငံရေးမူဝါဒ(၅)ရပ်၊ စစ်ရေးမူဝါဒ(၆)ရပ် ချမှတ်ကာ တပ်တော်ဖွဲ့စည်းပုံအား စုဖွဲ့မှုပုံစံအသစ်ဖြင့် စတင်ဖွဲ့စည်းလိုက်သည်ဟု ကြေညာသည်။

ပင်လုံစိတ်ဓာတ်ကို အခြေခံ၍ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်တစ်ခု တည်ဆောက်ရာတွင် လိုအပ်နေသည့် ဗမာပြည်နယ်တစ်ခုပေါ်ထွန်းရေးသည် အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေသည်ဟုလည်း ဆိုသည်။

ထို့ကြောင့် ဗမာပြည်နယ် ပေါ်ထွန်းရေးအတွက် တစ်စိုက်မတ်မတ် တော်လှန်တိုက်ခိုက်မည့် ဗမာလူမျိုးစုကို ကိုယ် စားပြုမည့် တော်လှန်ရေးအင်အားစုများ ပေါ်ပေါက်လာရန်လိုအပ်မည်ဟုလည်း သူတို့ကယူဆသည်။

နိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကို လက်မခံနိုင်သည့် ပြည်သူများက အစပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဖြင့် တွန်းလှန်ခဲ့သော်လည်း အာဏာသိမ်း စစ်ကောင်စီတပ်၏  ပစ်ခတ် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများကြောင်း နောက်ဆုံးတွင် ဒေသအသီးသီး၌ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များစွာ ပေါ်ပေါက်လာပြီး ယခု ၂၀၂၅ခုနှစ်တွင် ပထမဆုံး အဖြစ် နောက်ထပ် တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ ထပ်တိုး ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။