အာဏာသိမ်း စစ်အုပ်စု၏ ကမ်းလှမ်းချက်ကို NUG ပြတ်ပြတ်သားသား ပယ်ချ

အာဏာသိမ်း စစ်အုပ်စု၏ ကမ်းလှမ်းချက်ကို NUG ပြတ်ပြတ်သားသား ပယ်ချ
အောက်တိုဘာ 1, 2024 | 2021 Military Coup| အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီက တစ်ဖက်တွင် နိုင်ငံရေး ပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်  ဖိတ်ခေါ်နေသလို တစ်ဖက်တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ကာ ပြည်သူကို ဖမ်းဆီးသတ်ဖြတ်သည့်အပြင် နေ့စဉ် လေကြောင်းကနေ ဗုံးကြဲမှုများ လုပ်ဆောင်နေသည့်အတွက် ၎င်းတို့၏ ဖိတ်ခေါ်ချက်သည် ဟန်ပြကမ်းလှမ်းဖိတ်ခေါ်ခြင်းသာဖြစ်၍ ပြတ်ပြတ်သားသား ပယ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်အုပ်စု၏ ဟန်ပြဖိတ်ခေါ်စာမှာ တော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ PDF များအား သပ်သျှိုဖြိုခွဲရန်နှင့် ၎င်းတို့နှင့် နီးစပ်သော နိုင်ငံတကာအဖွဲ့အစည်းများအကြား အမြင်ကောင်းစေရန် အနှစ်သာရမဲ့သည့် အားထုတ်မှုသာ ဖြစ်သည်ဟုလည်း ဆိုသည်။

စစ်အစိုးရအဆက်ဆက်က လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်ကိုင် လမ်းစဥ်စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းစသဖြင့် ခေါင်းစဥ်အမျိုးမျိုးတပ်၍ လှည့်ဖြားခဲ့သည့် သာဓကများစွာလည်း ရှိခဲ့ပြီး ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် ယခုတွင်လည်း အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေးအဖွဲ့အစည်းများအား အကြမ်းဖက်အဖွဲ့ အစည်းများအဖြစ် ကြေညာခဲ့ခြင်း၊ မြို့ရွာများအား ဗုံးကြဲခြင်း၊ ရွာများအား မီးရှို့ခြင်း၊ ပြည်သူများကိုမတရား ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို မရပ်မနား ပြုလုပ်၍ ယင်းသို့ဖိတ်ခေါ်ခြင်းမှာ ယုတ္တိမရှိသော လုပ်ရပ်တခုသာ ဖြစ်သည်ဟုလည်း ဆိုသည်။

အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့မှုများကို မည့်သည့်အခါမှ ဝန်ခံခြင်း မရှိသကဲ့သို့ နိုင်ငံတကာနှင့် ပြည်တွင်းဖိအားများ ရှိလာသည့်အခါတိုင်း ရွေးကောက်ပွဲသော်လည်းကောင်း၊ အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲသော်လည်းကောင်း ပြုလုပ်ခြင်း၊ အာဏာသိမ်းခြင်းစသည့် အဆိုးကျော့ သံသရာကိုသာ ထပ်ခါထပ်ခါဖြစ်စေပြီး ပြည်သူလူထုလိုလားသော စစ်မှန်သည့် ငြိမ်းချမ်းရေးအား မည်သည့်အခါမှ ဖော်ဆောင်ပေးခြင်းမရှိခဲ့သည်ကိုလည်း သတိပြုကြရန် တိုက်တွန်းထားသည်။ 

 

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖောက်ဖျက်၍ အာဏာသိမ်းယူခဲ့သော တရားမဝင်အကြမ်းဖက် အဖွဲ့အစည်းတခုသာဖြစ်ပြီး တရားမဝင် အကြမ်းဖက်စစ်အုပ်စုတွင် ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းခြင်း၊ အသစ်ပြန်လည်ဖွဲ့စည်းခြင်း စသည့် လုပ်ပိုင်ခွင့်မရှိသကဲ့သို့ ရွေးကောက်ပွဲတရပ်ကို ဦးစီးကျင်းပပိုင်ခွင့်လည်း မရှိဟု ဆိုသည်။

လက်ရှိတွင် NUG သည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်နှင့်အညီ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် နိုင်ငံရေးလမ်းပြမြေပုံ (၁၂)ချက်အား အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း စစ်တပ်အာဏာသိမ်းစဥ်ကတည်းက ပျက်ပြယ်ပြီး ဖြစ်သကဲ့သို့ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများက ဖျက်သိမ်းခဲ့ပြီးလည်းဖြစ်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား အသုံးပြု၍ ပြုလုပ်လိုသည့် မည်သည့်နိုင်ငံရေး လမ်းကြောင်းကိုမျှ လက်မခံဟုလည်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် တရားမဝင်အကြမ်းဖက်စစ်အုပ်စုက ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက်ယူခြင်းအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံပဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

စစ်ရေးတွင် တိုက်တိုင်း ရှုံးနေပြီး စစ်သည်အင်အား လျော့နည်းလာနေ၍ ပြည်သူ့စစ်မှုထမ်း အင်အားနှင့် ပြည်သူ့စစ်အင်အားများကို နည်းလမ်းမျိုးစုံဖြင့် စုဆောင်းနေရသည့် စစ်ကောင်စီဘက်က "နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း"ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်ကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

#TachileikNewsAgency