အာဏာသိမ်းစစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး CDM လုပ်ဆောင်ထားသည့် စစ်သားနှင့်ရဲများကို အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် သက်မွေးပညာသင်တန်းများအဖြစ် ဖုန်းနှင့်ကွန်ပျူတာ ပြုပြင်နည်း သင်တန်းကို ပြည်သူ့ပန်းတိုင်အဖွဲ့က ဒုတိယအကြိမ်အဖြစ် ထပ်မံ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ပြည်သူ့ပန်းတိုင်အဖွဲ့က ဖုန်း၊ ကွန်ပျူတာပြုပြင်သင်တန်း၏ အမှတ်စဉ် (၂) ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်နေ့က မဲဆောက်မြို့တွင် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါသင်တန်းနှင့်ပတ်သက်ပြီး "သင်တန်းကာလမှာ (၂)လ ဖြစ်ပြီး သင်တန်း တက်ရောက်ပြီးပါက အနည်းဆုံး မိမိကိုယ်တိုင် ဖုန်းမှန်လဲ၊ ဘတ္ထရီလဲ၊ ဆားကစ်ဘုတ်လဲလှယ်ခြင်းများ၊ ကွန်ပျူတာ ကောင်း/မကောင်း hardware, software စစ်ဆေးခြင်း၊ software installation, windows installation များ လုပ်ကိုင်နိုင်ပြီး တနိုင်တပိုင် ပြုပြင်နိုင်သည့် အနေအထားထိ ရောက်ရှိမှာ"ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။
ပြည်သူ့ပန်းတိုင်အဖွဲ့အနေဖြင့် ဖုန်း၊ ကွန်ပျူတာ သင်တန်း၏ အမှတ်စဉ် (၁) သင်တန်းကို ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါမှာ အမှတ်စဉ်(၂)ကို ဖွင့်လှစ်ခြင်းဖြစ်သည်။
အလားတူ အသက်မွေးဝမ်းကြောင်းသင်တန်းများအနေဖြင့် စက်ဘီး၊ ဆိုင်ကယ်၊ လျှပ်စစ်ဘီးပြင် သင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ခုနှစ် အောက်တိုဘာလ(၆)ရက်နေ့ နှင့် အမှတ်စဉ် (၂) ကို နိုဝင်ဘာလ(၃၀)ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြန်မာ - ထိုင်းနယ်စပ်ဒေသ ထိုင်းနိုင်ငံ မဲဆောက်သို့ ရောက်ရှိနေသည့် CDM များဖြစ်စေ မည်သည့်နေရာက CDM များဖြစ်စေ ပြည်သူ့ပန်းတိုင်သို့ ဆက်သွယ်လိုပါက ၎င်းတို့ Facebook စာမျက်နှာ ( ပြည်သူ့ပန်းတိုင် - People's Goal )ကနေသော် လည်းကောင်း Telegram ( https://t.me/PeopleGoal ) ကနေသော် လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။
Photo: ပြည်သူ့ပန်းတိုင်