ICJ တွင် မြန်မာနိုင်ငံအား တရားစွဲဆိုခံထားရမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က သွားရောက် ရင်ဆိုင်နေသည်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့လူထုက အားပေး၊ ထောက်ခံ၊ ဝန်းရံ၊ မေတ္တာပြပွဲ အဖြစ် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့ နံနက် (၇)နာရီခွဲမှစ၍ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း ပြုလုပ်ရန် ပြင်ဆင်နေကြသည်။
ရခိုင်ပြည်နယ်တွင်း လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များကို ဖြေရှင်းရန်ပျက်ကွက်မှုဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့က တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး ဂမ်ဘီယာနိုင်ငံနှင့်အတူ ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့ကလည်း ပူးပေါင်းပါဝင်မည်ဟု သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို တုန့်ပြန်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေရုံးချုပ်နှင့် စစ်ဥပဒေပညာရှင်များပါဝင်သည့် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့(SUICJ) ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် မြန်မာအစိုးရက ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။
ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို ဖြေရှင်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ရောက်ရှိနေပြီဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော်မှ ပါဝင်ခြင်းမရှိသော်လည်း တပ်မတော်ဘက်မှ လိုအပ်သည့်ပံ့ပိုးမှုများကို ပြည်တွင်းမှနေ၍ ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဟု ဘီဘီစီသို့ ပြောကြားထားသည်ကိုလည်း တွေ့ရသည်။
မြန်မာနိုင်ငံအား တရားစွဲဆိုထားသည့်အမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့မှ ဒီဇင်ဘာလ (၁၂) ရက်နေ့အထိ စစ်ဆေးမည်ဖြစ်သည်။
Tachileik News Agency
ဆက်စပ်သတင်း
- နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ ဖွဲ့စည်း
- ဂမ်ဘီယာက တရားစွဲဆိုခြင်းကို မြန်မာအစိုးရရပ်တည်ဖြေရှင်းမှုအပေါ် SSPP အကောင်းမြင်
- ICJ တွင်သွားရောက်ဖြေရှင်းမည့် ဆုံးဖြတ်ချက် မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ် ကြိုဆိုထောက်ခံ
- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ထွက်ခွာ
- ICJ တွင် တရားရင်ဆိုင်ရန် သွားရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့ကို တာချီလိတ်လူထုမှ အားပေး၊ ထောက်ခံ၊ ဝန်းရံ၊ မေတ္တာပြပွဲ ဒီဇင်ဘာ ၁၀ ရက်တွင် ရှမ်းရိုးမကွင်းအတွင်း ပြုလုပ်မည်